နည်းပြမာရက်စ်ကာလက်ထက် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် အဒါရာဘီယိုကို ချယ်လ်ဆီးခေါ်ယူ

0

ချယ်လ်ဆီးအသင်းဟာ နည်းပြသစ် မာရက်စ်ကာလက်ထက်မှာ ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ဖူလ်ဟမ်အသင်းနဲ့ စာချုပ်ကုန်ဆုံးလို့ထွက်ခွာလာခဲ့တဲ့ နောက်ခံလူ အဒါရာဘီယိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။

အရပ်(၆)ပေ(၅)လက်မရှိတဲ့ မန်စီးတီးအကယ်ဒမီထွက် အဒါရာဘီယိုဟာ ချယ်လ်ဆီးအသင်းနဲ့ (၄)နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။

ချယ်လ်ဆီးကစားသမားသစ် အဒါရာဘီယို

အဒါရာဘီယိုကို ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ကလည်း ကြိုးစားခဲ့ပေမယ့် ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေကို အနိုင်ရပြီး အပြောင်းအရွှေ့ဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်။ အဒါရာဘီယိုဟာ ပြီးခဲ့တဲ့ ဧပြီက ကလပ်မှာလုပ်ခလစာအများဆုံးရရှိတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်လာမယ့် ဖူလ်ဟမ်အသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချပြီး အလွတ်နဲ့ ထွက်ခွာခဲ့တာပါ။

အဒါရာဘီယိုက “ချယ်လ်ဆီးဟာ ကြီးမားတဲ့ကလပ်ဖြစ်ပြီး ကျွန်တော့်အတွက်တော့ စက်ဝိုင်းတစ်ပတ်ပြည့်တဲ့အခိုက်အတန့်ပါ။ ကျွန်တော်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်နဲ့ (၃)မိုင်အကွာမှာ မွေးဖွားခဲ့ပြီး ပရော်ဖက်ရှင်နယ်ပွဲဦးထွက်ကိုလည်း အဲ့ဒီမှာပဲစတင်ခဲ့တာပါ။ ကျွန်တော်တို့သွားချင်တဲ့ လမ်းကြောင်းရောက်ရှိအောင် အသင်းကိုတွန်းပို့ပြီး ကူညီပေးနိုင်ဖို့မျှော်လင့်တယ်”လို့ ချယ်လ်ဆီးဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားထွက်ခွာသွားသလို နောက်ခံလူတစ်ဦးဖြစ်တဲ့ ချာလိုဘက်ကလည်း နွေရာသီမှာထွက်ခွာသွားဖွယ်ရှိလို့ အဒါရာဘီယိုကို ခေါ်ယူအားဖြည့်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *