တန်ဟတ်နေရာကိုအစားထိုးဖို့ မန်ယူနိုက်တက်ရဲ့ နံပါတ်တစ်ပစ်မှတ်ဖြစ်လာတဲ့ ဆောက်ဂိတ်

0

မန်ယူနိုက်တက်အသင်းပိုင်ရှင်ဆာဂျင်မ်ရက်ကလစ်ဖ်ဟာ လက်ရှိနည်းပြတန်ဟတ်နေရာအစားထိုးဖို့ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဆောက်ဂိတ်ကို နံပါတစ်ပစ်မှတ်အဖြစ် ရည်မှန်းထားတယ်လို့ ဗြိတိန်သတင်းတွေက ဖော်ပြကြပါတယ်။

မန်ယူနိုက်တက်အသင်းနည်းပြသစ်ရေပန်းစားမှုမှာ ပိုချက်တီနို၊ ဒီဇာဘီ၊ တူချယ်လ်၊ သောမတ်စ်ဖရန့်အစရှိတဲ့ နည်းပြတွေရှိနေပြီး အခုအချိန်မှာတော့ တန်ဟတ်က ဒီနည်းပြတွေကို ကျော်ပြီး ရေပန်းအစားဆုံးနည်းပြဖြစ်လာခဲ့တာပါ။

Independent သတင်းစာရဲ့ဖော်ပြချက်အရ ဆောက်ဂိတ်အနေနဲ့ လက်ရှိအချိန်မှာ သူ့အနာဂတ်အပြောင်းအလဲလုပ်မယ့်သတင်းတွေကို စိတ်မဝင်စားသေးဘဲ အင်္ဂလန်အသင်းနဲ့အတူ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ကိုသာ အာရုံစိုက်ထားတယ်လို့ဆိုပါတယ်။

ဆောက်ဂိတ်ဟာ ယူရိုပြိုင်ပွဲပြီးမှသာ သူ့အနာဂတ်အတွက် ဆွေးနွေးဖွယ်ရှိနေပြီး မန်ယူနိုက်တက်အသင်းအနေနဲ့ သူ့ကို ကမ်းလှမ်းဖို့အတွက် ယူရိုပြိုင်ပွဲပြီးဆုံးချိန် ဇူလိုင်လလယ်လောက်မှ စတင်ဆောင်ရွက်နိုင်မယ်လို့ Independent ကဖော်ပြခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းကို ၂၀၁၆ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့တဲ့ဆောက်ဂိတ်ဟာ အခု ၂၀၂၄ ဒီဇင်ဘာလအထိအသင်းနဲ့ စာချုပ်သက်တမ်းရှိနေပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)တာဝန်ရှိသူတွေကတော့ သူ့ကို စာချုပ်သက်တမ်းတိုးပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အသင်းကို ကိုင်တွယ်စေဖို့ အလိုရှိနေကြပါတယ်။

ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့ပြီး အီတလီအသင်းကို ပယ်နယ်တီနဲ့အရေးနိမ့်ခဲ့တာကြောင့် အခုနှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုရယူဖို့ ဆန္ဒပြင်းပြနေပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ရေပန်းအစားဆုံးအသင်းဖြစ်နေပြီး ဒီပြိုင်ပွဲမှာ အင်္ဂလန်အသင်းအောင်မြင်မှုရ/မရအပေါ်မူတည်ပြီး ဆောက်ဂိတ်အနေနဲ့ သူ့အနာဂတ်ကို ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *