နောက်ဆုံးနိုင်ငံတကာပွဲ(၅)ပွဲမှာ နိုင်ပွဲ(၁)ပွဲပဲရတဲ့ မှတ်တမ်းဆိုးနဲ့ ယူရိုမှာ ရေပန်းအစားဆုံးအသင်း အင်္ဂလန်

0

အင်္ဂလန်အသင်းက ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းဖြစ်ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပွဲ(၅)ပွဲမှာ နိုင်ပွဲတစ်ပွဲပဲရှိတာကတော့ လွဲမှားမှုတစ်ခုဖြစ်နေပါတယ်။

ယူရိုပြိုင်ပွဲမတိုင်မီ နောက်ဆုံးခြေစမ်းပွဲအဖြစ် မနေ့က ကစားခဲ့တဲ့ အိုက်စလန်နဲ့ပွဲမှာ အင်္ဂလန်အသင်းက (ဝ-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။

ဒါက ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံးခြေစမ်းပွဲ(၄)ပွဲမှာ (၃)ပွဲမြောက်နိုင်ပွဲပျောက်ခြင်းဖြစ်သလို၊ မတ်လက ဘရာဇီးလ်အသင်းကို ရှုံးခဲ့ရပြီးနောက်ပိုင်း နောက်ထပ် ရှုံးပွဲကို ရင်ဆိုင်ရတာပါ။

အင်္ဂလန်အသင်းဟာ မနှစ်က မက်ဆီဒိုးနီးယား၊ ဒီနှစ်ထဲမှာ ဘယ်လ်ဂျီယံအသင်းတို့နဲ့ သရေကျခဲ့ပြီး အနိုင်ရခဲ့တာ ဘော့စနီးယားနဲ့တစ်ပွဲပဲ ရှိခဲ့တာပါ။

ယူရိုပြိုင်ပွဲမတိုင်ခင်ဖြစ်လို့ ကစားသမားတွေနဲ့ ကစားကွက်တွေ စမ်းသပ်ခဲ့တယ်။ ဒဏ်ရာမရအောင် ရှောင်ကစားခဲ့တယ် အစရှိသဖြင့် အင်္ဂလန်အသင်းဘက်က ဆင်ခြေတွေပေးလို့ရပေမယ့် ဒီပွဲမှာ အိုက်စလန်ကို ရှုံးသင့်ရှုံးထိုက်စွာနဲ့ ရှုံးခဲ့တယ်ဆိုတာတော့ နည်းပြဆောက်ဂိတ်အနေနဲ့ ဝန်ခံရမှာပါပဲ။

ပွဲချိန်(၁၂)မိနစ်ကတည်းက အိုက်စလန်တိုက်စစ်မှူးသော်စတိန်ဆန်က သွင်းယူခဲ့တဲ့ဂိုးကို အင်္ဂလန်တိုက်စစ်မှူးတွေချေပဖို့ အခွင့်အရေးဘယ်လိုမှမရဘဲ ကစားသမားအစုံအလင်နဲ့ကို ရှုံးနိမ့်ခဲ့ရတာပါ။

ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု (၇၀%)လောက်ရှိခဲ့တဲ့ အင်္ဂလန်အသင်းက အိုက်စလန်ဂိုးပေါက်ကို တစ်ကြိမ်သာ ခြိမ်းခြောက်နိုင်ခဲ့တာက ဆောက်ဂိတ်အတွက် ယူရိုပြိုင်ပွဲမတိုင်မီ စိုးရိမ်စရာကောင်းတဲ့အချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

ယူရို-၂၀၂၄ အိမ်ရှင် ဂျာမနီအသင်းကတော့ ဂရိအသင်းကို ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် အထောင်တိုက်စစ်မှူးကိုင်ဟာဗက်ဇ်နဲ့ လူစားဝင်လာတဲ့ ကွင်းလယ်လူပါစကယ်ဂရော့စ်တို့က ချေပဂိုး၊ အနိုင်ဂိုးတွေသွင်းပြီး (၂-၁)ဂိုးနဲ့ ပြန်အနိုင်ရခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *