ချန်ပီယံလိဂ်ပြိုင်ဘက်နှစ်ယောက်ရဲ့ သွေးကွဲမှုကြောင့် စိုးရိမ်စရာဖြစ်လာတဲ့ ဂျာမနီအသင်းရဲ့ စည်းလုံးမှု

0

လာမယ့် ဇွန်(၁၄)ရက်နေ့မှာ စတင်တော့မယ့် ယူရို-၂၀၂၄ပြိုင်ပွဲ မတိုင်ခင် ဂျာမနီလက်ရွေးစင်အသင်းရဲ့ စည်းလုံးညီညွတ်မှုက စိုးရိမ်စရာဖြစ်လာပါတယ်။

ဂျာမနီအသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ နောက်ခံလူရူဒီဂါနဲ့ တိုက်စစ်မှူးဖူလ်ကုတို့အဆင်မပြေဖြစ်ခဲ့ကြပြီး တစ်ဦးနဲ့တစ်ဦး ရန်စကားတွေပြောနေကြလို့ အသင်းဖော်တွေက ကြားဝင်ထိန်းသိမ်းခဲ့ရကြောင်း သိရပါတယ်။

ဂျာမနီအသင်းဖော်တွေဖြစ်တဲ့ ရုဒီဂါနဲ့ ဖူလ်ကုတို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပြိုင်ဘက်တွေအဖြစ် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြစဉ်

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန်(၁)ရက်နေ့ကမှ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ရသူတွေပါ။ ရီးရဲလ်မက်ဒရစ်နောက်ခံလူရူဒီဂါက ဒေါ့မွန်တိုက်စစ်မှူးဖူလ်ကု ဂိုးမသွင်းနိုင်အောင် တစ်ပွဲလုံးထိန်းထားနိုင်ခဲ့ပြီး နောက်ဆုံးမှာ ရီးရဲလ်မက်ဒရစ်အသင်းက (၂-ဝ)ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့တာပါ။

လေ့ကျင့်ရေးကွင်းမှာ ဂျာမန်ကစားသမားတွေ နှစ်ဖက်ခွဲကန်ကြရာမှာ ရူဒီဂါရဲ့ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုတွေကို ဖူလ်ကုက မကျေမနပ်ဖြစ်နေပြီး ဖျက်ထုတ်မှုတစ်ခုအပြီးမှာ ရူဒီဂါကို ဆဲဆိုခဲ့တာကို တွေ့ရပါတယ်။

အဲဒီနောက် ဂျာမန်အသင်းနည်းပြအဖွဲ့ဝင် ဘက်ဂါရတ်ကို ဖူလ်ကုက ပွဲကို အဆုံးသတ်လိုက်ဖို့ “ဝီစီသာ မှုတ်လိုက်တော့”ဆိုပြီး လှမ်းအော်ခဲ့ပါတယ်။ ဗီဒီယိုဖိုင်တွေမှာ တွေ့မြင်ရတာတော့ ရူဒီဂါက ဒီဖြစ်ရပ်မှာ ဟာသလုပ်ခဲ့ပေမယ့် ဖူလ်ကုက အတော်ကိုစိတ်ဆိုးနေပုံပေါက်ပါတယ်။

ဒါကြောင့် ဂျာမနီအသင်းလက်ထောက်နည်းပြ ဆန်ဒရိုဝက်ဂ်နာက ရူဒီဂါကို ပုခုံးဖက်ပြီး တစ်စုံတရာပြောခဲ့တာကိုလည်း လေ့ကျင့်ရေးကွင်းမှာ သတင်းယူနေတဲ့ မီဒီယာတွေ တွေ့ခဲ့ရပါတယ်။

ဒီဖြစ်ရပ်က ရက်ပိုင်းသာလိုတော့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်မီ အိမ်ရှင်ဂျာမနီလက်ရွေးစင်အသင်းရဲ့စည်းလုံးမှုအတွက် စိုးရိမ်စရာဖြစ်စေခဲ့တယ်လို့ မီဒီယာတွေ့ ဖော်ပြခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *