ယူရိုပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းသားတွေကို အားပေးပြီးလက်ဆောင်တွေပေးခဲ့တဲ့ မင်းသားဝီလီယံ

0

ယူရို-၂၀၂၄ ပြိုင်ပွဲကျင်းပရာ ဂျာမနီနိုင်ငံကို အင်္ဂလန်အသင်းမထွက်ခွာမီ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ရေးကွင်းကို ဗြိတိန်တော်ဝင်မင်းသား ဝီလီယံရောက်လာပါတယ်။

အင်္ဂလန်အသင်းဟာ နယူးကာဆယ်အသင်းရဲ့စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းမှာ ယူရိုပြိုင်ပွဲအကြိုပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာပါ။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ဂုဏ်ထူးဆောင်ဥက္ကဋ္ဌလည်းဖြစ်သူ မင်းသားဝီလီယံက အင်္ဂလန်အသင်းသားတွေကို အသင်းလိုက်တွေ့ဆုံကာ ယူရိုပြိုင်ပွဲနဲ့ပတ်သက်ပြီး အကြံဉာဏ်တွေပေးခဲ့ပါတယ်။

အဲဒီနောက် သူ့ရဲ့သားဖြစ်သူ မင်းသားငယ်လူးဝစ်နဲ့အတူ ကစားသမားတွေနဲ့ တရင်းတနှီး စကားပြောခဲ့ပါတယ်။ မင်းသားဝီလီယံက အင်္ဂလန်ကစားသမားတွေကို တစ်ဦးချင်းလက်ဆောင်တွေပေးခဲ့ပြီး သူပေးခဲ့တဲ့ လက်ဆောင်ဘူးတွေက ကစားသမားတိုင်းအတွက် တန်ဖိုးထားသိမ်းဆည်းထားစရာ ဖြစ်ခဲ့ပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ကို လက်ဆောင်ပေးနေတဲ့ မင်းသားဝီလီယံ

ဒီလက်ဆောင်ဘူးထဲမှာ ကစားသမားတွေအတွက် သူတို့ရဲ့ကျောနံပါတ်အလိုက် အိမ်ကွင်းအင်္ကျီ၊ ဒီကျောနံပါတ်ကို အင်္ဂလန်အသင်းသမိုင်းတစ်လျှောက်ဝတ်ဆင်ခဲ့တဲ့ ကစားသမားတွေရဲ့ပုံတွေနဲ့ သူတို့ရဲ့ငယ်ဘ၀ ပထမဆုံးကစားခဲ့တဲ့ ကလပ်အသင်းက ရုပ်ပုံလေးတွေပါဝင်ခဲ့ပါတယ်။

အင်္ဂလန်ကစားသမားတွေရဲ့ဒီငယ်ဘဝဓါတ်ပုံလေးတွေက ချစ်စရာကောင်းခဲ့ပြီး ကစားသမားတိုင်းအတွက် တန်ဖိုးထားသိမ်းဆည်းစရာ ပို့စ်ကတ် ဒီဇိုင်းလေးတွေဖြစ်ခဲ့ပါတယ်။

အင်္ဂလန်အသင်းကို မင်းသားဝီလီယံရဲ့တွေ့ဆုံမှုမှာ အင်္ဂလန်အမျိုးသမီးအသင်းနဲ့အတူ အမျိုးသမီးယူရို-၂၀၂၂ ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ဖူးတဲ့ ကွင်းလယ်လူဂျီးလ်စကော့လည်း ပါဝင်ခဲ့ပြီး သူမကလည်း အင်္ဂလန်အသင်း ယူရိုပြိုင်ပွဲမှာ အောင်ပွဲရဖို့ စိတ်ဓါတ်ခွန်အားတွေပေးခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့အုပ်စုအဆင့်မှာ ဆားဘီးယား၊ ဒိန်းမတ်၊ ဆလိုဗေးနီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး လာမယ့် တနင်္ဂနွေနေ့မှာ အုပ်စုအဖွင့်ပွဲအဖြစ် ဆားဘီးယားနဲ့ ကစားရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *