ဗင်နီစီယပ်စ်ကို လူမျိုးရေးခွဲခြားအတွက် ထောင်ဒဏ်(၈)လ၊ ပွဲကြည့်ခွင့် ပိတ်ပင် (၂)လ

0

၂၀၂၃ မေလအတွင်းက မက်စတယ်လာကွင်းမှာ ကစားခဲ့တဲ့ ဗလင်စီယာ-ရီးရဲလ်မက်ဒရစ်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဘရာဇီးလ်တိုက်စစ်မှူးဗင်နီစီယပ်စ်ကို လူမျိုးရေးခွဲခြားလှောင်ပြောင်ခဲ့တဲ့ ဗလင်စီယာပရိသတ်(၃)ဦးကို စပိန်တရားရုံးတစ်ခုက ထောင်ဒဏ်(၈)လ ချမှတ်ခဲ့ပါတယ်။

ဗင်နီစီယပ်စ်ဟာ ပြိုင်ဘက်ကလပ်အသင်းပရိသတ်တချို့ရဲ့ပစ်မှတ်ဖြစ်နေပြီး ပြီးခဲ့တဲ့ရာသီအတွင်းမှာလည်း အနည်းဆုံးကလပ်အသင်း(၅)သင်းရဲ့ ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေကို ခံခဲ့ရပါတယ်။

မက်စတယ်လားကွင်းအတွင်းဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်က ဗင်နီစီယပ်စ်နဲ့ ပြိုင်ဘက်ပရိသတ်တွေအကြား ပဋိပက္ခတွေထဲမှာ အထင်ရှားဆုံးဖြစ်ပြီး လူမျိုးရေးခွဲခြားခဲ့တဲ့ ပွဲကြည့်စင်ပေါ်က ပြိုင်ဘက်ပရိသတ်တွေကို ဗင်နီစီယပ်စ်က လက်ညိုးငေါက်ငေါက်ထိုးပြီး ပြန်ရန်တွေ့ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် ပွဲကို ခေတ္တရပ်နားခဲ့ရပြီး ကွင်းထဲကလုံခြုံရေးတွေနဲ့ ရဲတွေက လူမျိုးရေးခွဲခြားတဲ့ပရိသတ်တွေကို ပွဲကြည့်စင်ပေါ်တက်ရောက်ကာ ဖမ်းဆီးခဲ့ပါတယ်။

အခု ဒီအမှုအတွက် အရပ်ဖက်တရားရုံးမှာ အမှုကြားနာဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒါက စပိန်ဘောလုံးလောကမှာ လူမျိုးရေးခွဲခြားမှုနဲ့ပတ်သက်တဲ့ ပထမဆုံးထောင်ဒဏ်ပြစ်ဒဏ် စီရင်ခြင်းဖြစ်ပါတယ်။ စပိန်နိုင်ငံရဲ့ မူခင်းဆိုင်ရာဥပဒေပုဒ်မ (၁၇၃.၁)အရ ထောင်ဒဏ်(၁)နှစ်စီချမှတ်ဖို့ စီစဥ်ခဲ့ပေမယ့် ပြစ်မှုကျူးလွန်သူတွေက သူတို့ရဲ့မှားယွင်းမှုကိုလက်ခံပြီး ပြစ်ဒဏ်ကို ခံယူခဲ့တဲ့အတွက် ပြစ်ဒဏ်ကို (၃)ပုံ(၁)ပုံလျှော့ချကာ (၈)လ ချမှတ်ခဲ့တာလို့ ESPN က ဖော်ပြခဲ့ပါတယ်။

ဒီပရိသတ်(၃)ဦးကို ထောင်ဒဏ်အပြင် ဘောလုံးကွင်းတွေမှာ ပွဲကြည့်ခွင့်(၂)နှစ်ပိတ်ပင်ကြောင်းလည်း စပိန်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *