မကြာခဏ ဆေးစစ်ခံရတာမကြိုက်လို့ ယူရို-၂၀၁၆ မှာ TV ရိုက်ခွဲခဲ့ဖူးတဲ့ ရွန်းနီ

0

ယူရို ၂၀၁၆ ပြိုင်ပွဲကျင်းပစဥ်အချိန်အတွင်း မိမိအနေနဲ့ တားမြစ်ဆေးအကြိမ်ကြိမ် စစ်ဆေးခံရတာကို မကျေနပ်တာကြောင့် ​ဘောလုံးကွင်းအတွင်း ​ဆေးစစ်တဲ့အခန်းထဲက TVကိုရိုက်ခွဲခဲ့ဖူးတယ်လို့ အဂ်လန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။

အဲဒီတုန်းက အဂ်လန်အသင်းနဲ့ ဝေးလ်စ်အသင်းတို့ကစားခဲ့တဲ့ပွဲအပြီး တားမြစ်ဆေးစစ်ဆေးဖို့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)တာဝန်ရှိသူတွေက စီစဥ်ခဲ့တာပါ။

ယူရိုပြိုင်ပွဲမှာ ကစားသမားတွေကို တားမြစ်ဆေးသုံးစွဲခြင်းရှိမရှိ ကျပန်းစစ်ဆေးတာက ပုံမှန်ဖြစ်ပါတယ်။

ဒါပေမယ့် ပွဲအတော်များများမှာ အဂ်လန်အသင်းအတွက် စစ်ဆေးခံရသူထဲမှာ သူပဲ ခဏခဏပါဝင်နေတာကို ဝိန်းရွန်နီက စိတ်တိုခဲ့တာပါ။

“အဲဒီတုန်းက အထူးဆန်းဆုံးအရာက ပွဲပြီးတိုင်းတားမြစ်ဆေး စစ်ဆေးတဲ့အခါမှာ ကျွန်တော်ပဲ အကြိမ်ကြိမ်အရွေးခံနေရတာပါ။ သူတို့ (UEFA)ကပြောတော့ ကျပန်းစစ်ဆေးတာတဲ့။ အဲဒါဆိုရင် ကျွန်တော်က ဘာကြောင့် အမြဲလိုလိုအရွေးခံနေရတာလဲ။ ဒါက ကျွန်တော်ကို့ အရမ်းစိတ်အနှောင့်အယှက်ပေးသလို စိတ်ဆိုးစေပါတယ်။ ဝေးလ််စ်နဲ့ပွဲအပြီးမှာ ဆေးစစ်တဲ့ အခန်းထဲက အရာအတော်များများကို ကျွန်တော် ရိုက်ခွဲလိုက်ပါတယ်။ ဝေးလ်စ်ကစားသမားတစ်ယောက်လည်း အဲဒီမှာရှိပါတယ်။ ရမ်ဆေးလို့ ကျွန်တော်ထင်တယ်။ TV ကတော့ ကွဲသွားတယ်။ ကျွန်တော် ပြန်အလျော်ပေးခဲ့ပါတယ်။ UEFA ကတော့ ကျွန်တော့်ကို သတိပေးခဲ့တယ်”လို့ ရွန်နီက ဆိုခဲ့တာပါ။

ယူရို ၂၀၁၆ ပြိုင်ပွဲမှာ အဂ်လန်အသင်းဟာ မထင်မရှားအသင်းငယ်လေးဖြစ်တဲ့ အိုက်စလန်အသင်းကို Round of 16 မှာ (၁-၂)ဂိုးနဲ့ ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

အခုအချိန်မှာ ပလိုင်မောက်နည်းပြဖြစ်နေတဲ့ ဝိန်းရွန်နီက ယူရို ၂၀၂၄ ပြိုင်ပွဲနီးကပ်လာချိန်မှာ ယူရိုပြိုင်ပွဲနဲ့ပတ်သက်ပြီး အမှတ်တရဖြစ်ရပ်တွေကို ပြန်ပြောင်းပြောပြခဲ့တာမှာ TV ရိုက်ခွဲတဲ့ ဖြစ်ရပ်လည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *