ဘဏ္ဍာရေးအကြပ်အတည်းကြောင့် ကစားသမားအချို့ကို စာရင်းသွင်းနိုင်ခြင်းမရှိသေးတဲ့ ဘာစီလိုနာ

0

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအကျပ်အတည်းကို ကြုံတွေ့နေရတာကြောင့် လာမယ့်ရာသီလာလီဂါပြိုင်ပွဲအတွက် အသင်းကြီးက ကစားသမားအများအပြားကို စာရင်းသွင်းမှတ်ပုံတင်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ဘဏ္ဍာရေးကြောင့် လာလီဂါရဲ့ပိတ်ပင်မှုတွေကို အကြိမ်ကြိမ်ခံနေရတာပါ။

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ပြီးခဲ့တဲ့ရာသီအစပိုင်းမှာ ကလပ်အသင်းရဲ့လုပ်ခလစာငွေပေါင်(၅၅၈)သန်းကနေ ပေါင်(၂၃၂)သန်းအထိ (၅၀)ရာခိုင်နှုန်းနီးပါး လျှော့ချခဲ့ရပြီး ဒီနှစ်အစောပိုင်းမှာလည်း ထပ်ပြီးလျှော့ချခဲ့ရတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ အပြောင်းအရွှေ့ဈေးကွက်မှာ သူတို့ရဲ့လုပ်ဆောင်မှုတွေကို ပိတ်ပင်ထားပေမယ့် ပြီးခဲ့တဲ့ရာသီက လာလီဂါပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့(၁၀)မှတ်အကွာ အဆင့်(၂)နေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။

ဘာစီလိုနာအသင်းနည်းပြသစ် ဟန်ဆီဖလစ်ဟာ သူ့ရဲ့ပထမဆုံးအပြောင်းအရွှေ့ဈေးကွက်ကို ကိုင်တွယ်ဖို့ ပြင်ဆင်နေချိန်မှာ အခက်အခဲတွေကြုံတွေ့နေရတာဖြစ်ပါတယ်။ The Athletic က ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါက သတ်မှတ်ထားတဲ့ လုပ်ခလစာကန့်သတ်ချက်ကို ကျော်လွန်ခဲ့တာကြောင့် ကလပ်အနေနဲ့ အခုလကုန်မှာ ပေါင်သန်း(၁၁၀)ရှာဖွေရမှာဖြစ်ပြီး ဒါမှမဟုတ်ရင် အသင်းလူစာရင်းမှာ ကစားသမားထည့်သွင်းတာကို တားမြစ်ခံရဖွယ်ရှိနေတယ်လို့ ဖော်ပြထားတာပါ။

ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ ပြီးခဲ့တဲ့ရာသီက ပွဲထွက်ကစားခွင့်ရရှိခဲ့တဲ့ စီနီယာကစားသမား(၉)ဦးကို လာမယ့်ရာသီအတွက် စာရင်းသွင်းမှတ်ပုံတင်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ဒီထဲမှာ ချယ်လ်ဆီးကစားသမားဟောင်း အလွန်ဆို၊စပိန်လက်ရွေးစင် အင်နီဂိုမာတီနက်ဇ်နဲ့ ဘရာဇီးလ်ကြယ်ပွင့် ဗစ်တာရိုကေးတို့ပါဝင်နေတာပါ။

ပြီးခဲ့တဲ့ရာသီက အငှားချထားတဲ့ လုပ်ခလစာအများအပြားရရှိမယ့် ကစားသမားတွေ ပြန်လာမှာကလည်း ဘာစီလိုနာအသင်းရဲ့ဘဏ္ဍာရေးအခက်အခဲကို ပိုပြီးဆိုးရွားနိုင်စေပါတယ်။ အဲ့ဒါကြောင့် ဘာစီလိုနာအသင်းဟာ အငှားနဲ့ ပြန်လာမယ့်သူတွေထဲက အချို့နဲ့ အဓိက ကစားသမားအချို့ကို ရောင်းချပြီး အခက်အခဲတွေကို ဖြေရှင်းရဖို့ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *