ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ဘယ်အသင်းတွေ ရေပန်းအစားဆုံးလဲ

0

လာမယ့် ဇွန်(၁၄)ရက်နေ့မှာ စတင်တော့မယ့် ယူရို-၂၀၂၄ပြိုင်ပွဲမှာ ချန်ပီယံအဖြစ်ဗိုလ်စွဲဖို့ ဘယ်အသင်းတွေက ဖြစ်နိုင်ခြေအများဆုံးလဲဆိုတာကို နာမည်ကျော်ဘောလုံးအချက်အလက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Opta က စူပါကွန်ပြူတာနဲ့တွက်ချက်ပြီး ဖော်ပြခဲ့ပါတယ်။

Opta စူပါကွန်ပြူတာရဲ့တွက်ချက်မှုအရ အင်္ဂလန်လက်ရွေးစင်အသင်းက ဗိုလ်စွဲဖို့ အခွင့်အလမ်းအကောင်းဆုံးအဖြစ် ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

Opta က အင်္ဂလန်အသင်းရဲ့ချန်ပီယံဖြစ်နိုင်ခြေကို (၂၀)% သတ်မှတ်ထားပြီး ပြင်သစ်အသင်းက ဒုတိယနေရာမှာ (၁၉)%နဲ့ ရှိနေပါတယ်။ အိမ်ရှင်ဂျာမနီက တတိယနေရာမှာ (၁၂)%နဲ့ရှိနေပြီး လက်ရှိချန်ပီယံအီတလီအသင်းကတော့ အထက်ပါအသင်းတွေနဲ့ စပိန်၊ ပေါ်တူဂီတို့နောက်မှာ (၅)%နဲ့ ရှိနေပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက ဘွန်ဒစ်လီဂါမှာ ဂိုးအများဆုံးသွင်းခဲ့တဲ့ တိုက်စစ်မှူးဟာရီကိန်း၊ လာလီဂါအကောင်းဆုံးကစားသမားဆုရခဲ့တဲ့ ကွင်းလယ်လူဘယ်လင်ဂမ်၊ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ တောင်ပံကစားသမားဖီးလ်ဖိုဒန်အစရှိတဲ့ ခြေစွမ်းထက်ကစားသမားတွေနဲ့ နာမည်ကျော် ပရီးမီးယားလိဂ်ကစားသမားတွေလည်းပါဝင်တာကြောင့် အခုလို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် တကယ့်လက်တွေ့ယူရိုပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲတွေမှာတော့ ပွဲတချို့မှာ ရလဒ်တွေဆိုးရွားခဲ့တာကြောင့် အင်္ဂလန်အသင်းရဲ့ချန်ပီယံဖြစ်နိုင်ခြေအပေါ် သံသယတချို့လည်းရှိနေပါတယ်။

ယူရိုပြိုင်ပွဲမှာ တစ်ကြိမ်တစ်ခါမှ ချန်ပီယံမဖြစ်ခဲ့တာကို ဒီတစ်ကြိမ်မှာ အင်္ဂလန်အသင်းအဆုံးသတ်နိုင်မလား … အခြားရေပန်းစားတဲ့အသင်းတွေထဲက ဘယ်အသင်းဗိုလ်စွဲမလဲဆိုတာကတော့ ယူရိုဇာတ်ခုံပေါ်မှာ ဆက်ကြည့်ရပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *