မသန်စွမ်းကလေးကို ကြင်နာမှုတွေ အပြည့်အဝပေးခဲ့တဲ့ စီရော်နယ်ဒို

0

မနေ့က ပေါ်တူဂီ(၃-ဝ)အိုင်ယာလန် ခြေစမ်းပွဲစဉ်မတိုင်ခင်မှာ ကွင်းထဲကမသန်စွမ်းကလေးငယ်ကို ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုက အကူအညီပေးနေခဲ့တဲ့ ကြည်နူးစရာအခိုက်အတန့်ကို ရုပ်သံကင်မရာတွေက ရိုက်ကူးပြသခဲ့ကြပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အိုင်ယာလန်အသင်းနဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ပွဲထွက်လူစာရင်းမှာ ပါဝင်ပြီးခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဝါရင့်ကစားသမား စီရော်နယ်ဒို ပွဲချိန်အတွင်းမှာ ဘာတွေလုပ်ပြနိုင်မလဲဆိုတာကို ပရိသတ်တွေက စောင့်ကြည့်ခဲ့ကြပြီး ပွဲမစခင်ကတည်းက သူ့ရဲ့လုပ်ရပ်တစ်ခုက အားလုံးကို ဖမ်းစားနိုင်ခဲ့တာဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ဒီပွဲမစတင်ခင်မှာ ဘီးတပ်ကုလားထိုင်နဲ့ ကွင်းအတွင်းလိုက်ပါလာခဲ့တဲ့ မသန်စွမ်းသူကလေးငယ်တစ်ဦးကို ကြင်နာမှုအပြည့်နဲ့ အကူအညီပေးခဲ့တာဖြစ်ပြီး ဒီရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာ X မှာလည်း ပျံ့နှံခဲ့ပါတယ်။

ပေါ်တူဂီနိုင်ငံတော်သီချင်းကို သီဆိုနေတဲ့တစ်လျှောက်လုံးမှာ စီရော်နယ်ဒိုအနေနဲ့ သူမရဲ့လက်ကို ကိုင်ဆောင်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။

ပွဲမတိုင်ခင်ပြုလုပ်ခဲ့တဲ့ စီရော်နယ်ဒိုရဲ့လုပ်ရပ်ဟာ ပွဲချိန်အတွင်းမှာ ကံကောင်းမှုတွေကို သယ်ဆောင်ပေးနိုင်ခဲ့ပြီး ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းမှာ ပေါ်တူဂီအသင်းအတွက် (၂)ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ဒီပွဲစဉ်မှာသွင်းယူခဲ့တဲ့(၂)ဂိုးကြောင့် ပေါ်တူဂီကစားသမားဘဝပွဲပေါင်း(၂၀၇)ပွဲမှာ (၁၃၀)ဂိုးအထိ စံချိန်တင်သွင်းယူထားတာဖြစ်ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ တူရကီ၊ ချက်၊ ဂျော်ဂျီယာအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတဲ့ ပေါ်တူဂီအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်(၁၈)ရက်မှာ ချက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *