ဒေါ့မွန်ကိုအနိုင်ရပြီး(၁၅)ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကိုရယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

0

ဒေါ့မွန်(ဝ-၂)ရီးရဲလ်မက်ဒရစ်
(ချန်ပီယံလိဂ်ဗိုလ်လုပွဲ)

၂၀၂၃-၂၄ ချန်ပီယံလိဂ်ဗိုလ်လုပွဲက ပြီးခဲ့တဲ့နောက်ဆုံး(၅)ရာသီဆက်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေလိုပဲ အစဉ်အလာမပျက် တစ်သင်းကဂိုးသွင်း၊ ကျန်တစ်သင်းက ဂိုးမရဘဲ (၂-ဝ)ရလဒ်နဲ့ ပွဲပြီးသွားခဲ့ပါတယ်။

ဗိုလ်လုပွဲကို တတိယအကြိမ်မြောက်တက်လာတဲ့ ဒေါ့မွန်အသင်းက ဒုတိယအကြိမ်အသည်းကွဲခဲ့ရပြီး ချန်ပီယံလိဂ်ဘုရင် ရီးရဲလ်မက်ဒရစ်ကတော့ (၁၅)ကြိမ်မြောက် ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းက Clean Sheet ရပြီး အနိုင်ယူဗိုလ်စွဲခဲ့တယ်ဆိုပေမယ့် ဒီပွဲမှာ ဒေါ့မွန်အသင်းရခဲ့တဲ့ ဂိုးသွင်းခွင့်တွေက ရီးရဲလ်မက်ဒရစ်ထက် မနည်းခဲ့ပါဘူး။

ပထမပိုင်းမှာ တောင်ပံကစားသမား အဒီယီမီ လွတ်လွတ်ကျွတ်ကျွတ်ရတဲ့အခွင့်အရေးကို ဂိုးအဖြစ် အသုံးမချနိုင်ခဲ့တာ၊ တိုက်စစ်မှူး ဖူလ်ကုရဲ့ကန်ချက် ဂိုးတိုင်ထောင့်ကို ထိခဲ့တာ၊ ကွင်းလယ်လူဆာဗစ်ဇာရဲ့ကန်ချက်ကို ရီးရဲလ်ဂိုးသမားကော်တိုအာ ပုတ်ထုတ်ခဲ့တာတွေက ဒေါ့မွန်အသင်း စောစောစီးစီး ဂိုးရပြီး ဦးဆောင်နိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးစေခဲ့ပါတယ်။

ဒီပွဲမှာ ဒေါ့မွန်အသင်းက ရီးရဲလ်ကို ခံစစ်သေနဲ့ အထိုင်ချကစားတာမဟုတ်ဘဲ အပြန်အလှန်ကစားသွားခဲ့တာဖြစ်လို့ ပွဲက မြိုင်ပြီး ကြည့်ကောင်းခဲ့ပါတယ်။

ဒုတိယပိုင်း(၇၄)မိနစ်မှာတော့ တိုနီကရူးစ်ကန်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကို နောက်ခံလူကာဗာဟယ်လ်က လှလှပပခေါင်းတိုက်ပြီး ရီးရဲလ်အသင်းအတွက် ပထမဂိုးရယူခဲ့ပါတယ်။

ပွဲချိန်(၈၁)မိနစ်လောက်မှာ ကာဗာဟယ်လ်သွင်းယူခဲ့တဲ့ပုံစံအတိုင်း ရီးရဲလ်နောက်ခံလူနာချိုက ခေါင်းတိုက်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒေါ့မွန်ဂိုးသမားကိုဘယ်လ်က ပုတ်ထုတ်ခဲ့ပါတယ်။ ဒီပွဲမှာ တိုနီကရူးစ်ရဲ့ဖရီးကစ်ကန်ချက်၊ ကာမာဗင်ဂါရဲ့အဝေးကန်ချက်တွေအပါအဝင် ရီးရဲလ်ရဲ့ ဂိုးဝင်နိုင်တဲ့ ကန်ချက်အတော်များများကို ကိုဘယ်လ်က ပုတ်ထုတ်ကာကွယ်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန်(၈၃)မိနစ်မှာ ရီးရဲလ်တိုက်စစ်မှူးဗင်နီစီယပ်စ် ကန်သွင်းတဲ့ဘောလုံးကိုတော့ မတားဆီးနိုင်ခဲ့ဘဲ ဒုတိယဂိုးခွင့်ပြုခဲ့ရပါတယ်။ ဒီဂိုးက ဒေါ့မွန်နောက်ခံလူ မတ်ဆန်ရဲ့အမှားကို ဘယ်လင်ဂမ်က အသုံးချခဲ့ပြီး သူ့ရဲ့အကွက်မြင်မြင်ပေးပို့မှုကနေ ဗင်နီစီယပ်စ်က သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်(၈၆)မိနစ်မှာ ဒေါ့မွန်အတွက် ဖူလ်ကုက ခေါင်းတိုက်ဂိုးပြန်သွင်းခဲ့ပေမယ့် လူကျွံနေတာကြောင့် ဒီဂိုးက ပယ်ချခံခဲ့ရပါတယ်။

ဒီပွဲက ရီးရဲလ်ကစားသမားဘ၀ အဆုံးသတ်တော့မယ့် ဂျာမန်ကွင်းလယ်လူ တိုနီကရူးစ်အတွက် လှပတဲ့နှုတ်ဆက်ပွဲဖြစ်ခဲ့ပြီး အီတလီလူမျိုးနည်းပြအန်ဆယ်လော့တီအတွက်လည်း ချန်ပီယံဆု(၅)ကြိမ်မြောက်ရယူနိုင်ခဲ့တာကြောင့် အခြားဘယ်နည်းပြထက်မဆို (၂)ကြိမ်နဲ့အထက် ပိုများနေတဲ့ စံချိန်မှတ်တမ်းကို တင်နိုင်ခဲ့ပါတယ်။

အန်ဆယ်လော့တီဟာ ချန်ပီယံလိဂ်ဖလားကို အရင်အေစီမီလန်မှာ (၂)ကြိမ်(၂၀၀၃၊ ၂၀၀၇)၊ ရီးရဲလ်မက်ဒရစ်မှာ (၃)ကြိမ်(၂၀၁၄၊ ၂၀၂၂၊ ၂၀၂၄)ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကလည်း ချန်ပီယံလိဂ်ခေတ်မှာ ဗိုလ်လုပွဲတက်တဲ့အကြိမ်တိုင်း(၉ ကြိမ်တိုင်) ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်တဲ့ စံချိန်မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *