စကော့တလန်ကို ဂိုးပြတ်အနိုင်ကစားပြီး ပွဲဦးထွက်အဖွင့်လှခဲ့တဲ ယူရိုအိမ်ရှင်ဂျာမနီအသင်း

0

ဂျာမနီ(၅-၁)စကော့တလန်
(ယူရို-၂၀၂၄ အဖွင့်ပွဲ)

ယူရို-၂၀၂၄ အိမ်ရှင်ဂျာမနီအသင်းက ပွဲဦးထွက်မှာစကော့တလန်အသင်းကို (၅-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး အဖွင့်လှခဲ့ပါတယ်။

ဒီပွဲမှာ အများထင်ထားသလိုပဲ ဂျာမနီနဲ့ စကော့တလန်ခြေစွမ်းက အများကြီး ကွာဟခဲ့ပြီး စကော့တလန်အသင်းအနေနဲ့ ဂျာမနီကို တစ်စုံတရာ အံအားသင့်စရာဖြစ်အောင် လုပ်နိုင်တဲ့အနေအထားမရှိဘူးဆိုတာ ပထမပိုင်းခြေစွမ်းနဲ့တင် သိသာခဲ့ပါတယ်။

ဂျာမနီအသင်းက တစ်ဖက်သတ်ဖိကစားသွားခဲ့ပြီး ဂိုးသွင်းခွင့်အကြိမ်(၂၀)ထက်မနည်းရခဲ့သလို ဂိုးပေါက်တည့်အောင် ကန်သွင်းနိုင်ခဲ့တဲ့ အရေအတွက်ကလည်း (၁၀)ကြိမ်ဝန်းကျင်အထိ ရှိခဲ့ပါတယ်။

ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ တစ်ချိန်လုံးလိုလို ဖိကစားသွားခဲ့တဲ့ ဂျာမနီအသင်းအနေနဲ့ (၅)ဂိုးအထိသွင်းနိုင်တာ မထူးဆန်းသလို ဒုတိယပိုင်းတစ်ပိုင်းလုံး တစ်ယောက်လျော့ကစားခဲ့ရတဲ့ စကော့တလန်ကို (၂)ဂိုးပဲ ထပ်သွင်းနိုင်ခဲ့တာ နည်းတောင်နည်းသေးတယ်လို့ ဆိုရမှာပါ။

ပထမပိုင်းမှာတင် တောင်ပံတိုက်စစ်ကစားသမား ဖလော်ရီယန်ဗစ်ဇ်(၁၀ မိနစ်)၊ မူဆီယာလာ(၁၉ မိနစ်)တို့ရဲ့ဂိုးတွေနဲ့ ဦးဆောင်ခဲ့ပြီး ပထမပိုင်းပြီးခါနီး ပွဲချိန်(၄၅+၁)မိနစ်မှာ ပယ်နယ်တီတစ်လုံး လက်ဆောင်ရခဲ့ပါသေးတယ်။

ဒီပယ်နယ်တီက ဂျာမန်ကွင်းလယ်လူဂွန်ဒိုဂန်ကို စကော့တလန်နောက်ခံလူ ပေါ်တီယပ်စ် ဖျက်ထုတ်မှုကြမ်းတမ်းတာကြောင့် ပေးခဲ့ရတာဖြစ်ပြီး သူကိုယ်တိုင်လည်း တိုက်ရိုက်အနီကတ်ပြ အထုတ်ခံခဲ့ရပါတယ်။

ဒုတိယပိုင်းပွဲချိန်(၆၈)မိနစ်မှာ တိုက်စစ်မှူးဖူလ်ကုက တစ်ဂိုးသွင်းခဲ့ပြီး ရှားရှားပါးပါး စကော့တလန်အသင်းရဲ့ဖရီးကစ်ကတစ်ဆင့်ထိုးဖောက်မှုကနေ ချေပဂိုးတစ်ဂိုးပြန်ရသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဂျာမန်နောက်ခံလူ ရူဒီဂါက ကာကွယ်ရင်း ကိုယ့်ဂိုးကိုယ်သွင်းမိတာပါ။

ပွဲချိန်(၉၀+၃)မိနစ်မှာ ကွင်းလယ်လူ အမ်မရီချန်က အဆုံးသတ်ဂိုးသွင်းပြီး ဂျာမနီအသင်းကို အိမ်ကွင်းမှာ အဖွင့်လှစေခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *