ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲ ပွဲကြိုသုံးသပ်ချက်

0

ဂျာမနီ – စကော့တလန်
(15 Jun 2024/ 1:30 am)

ဂျာမနီအသင်းက နည်းပြနာဂယ်စမန်းလက်ထဲမှာ ခြေစွမ်းပြန်တည်ငြိမ်လာပြီး နောက်ဆုံးခြေစမ်းပွဲ(၄)ပွဲမှာ ပြင်သစ်၊ နယ်သာလန်၊ ဂရိအစရှိတဲ့အသင်းတွေကို အနိုင်ကစားခဲ့တယ်။

ပြီးခဲ့တဲ့ရာသီက ဥရောပပြိုင်ပွဲကြီးနှစ်ရပ်ရဲ့ဗိုလ်လုပွဲကို ဂျာမန်ကလပ်တွေ တက်ရောက်လာခြင်းနဲ့အတူ ဗစ်ဇ်၊ ဂျိုနသန်တာ၊ အန်းဒရစ်ချ်၊ ရှလော့တာဘက်တို့လို အရည်အသွေးရှိ ဂျာမန်ကစားသမားတွေကိုလည်း ပရိသတ်တွေ ထင်ထင်ရှားရှားတွေ့ခဲ့ရတယ်။

ဂျာမနီအသင်းမှာ ဂွန်ဒိုဂန်၊ ကရူးစ်၊ မူဆီယာလာ၊ ကိုင်ဟားဗက်ဇ်၊ ရူဒီဂါ၊ ကင်မစ်ချ်တို့လို အတွေ့အကြုံရင့် အမာခံကစားသမားတွေလည်းရှိနေသေးတယ်။ ပြောရရင်တော့ ဒီဝါရင့်ကစားသမားတွေနဲ့ လူငယ်ခြေတက်ကစားသမားတွေ အချိုးညီညီပေါင်းစပ်နိုင်ရင် ဂျာမနီအသင်းက ဘယ်အသင်းကိုမဆို ရင်ဆိုင်နိုင်တဲ့အရည်အသွေးရှိတယ်လို့ ဆိုရမယ်။

လက်ရှိအသင်းမှာလည်း ဒဏ်ရာရကစားသမားကင်းရှင်းနေပြီး လူစုံတက်စုံရှိနေတယ်။ စကော့တလန်မှာတော့ အသင်းခေါင်းဆောင် အန်ဒီရော်ဘတ်ဆန်က ဒဏ်ရာပြဿနာရှိနေတယ်။ ကွင်းလယ်လူရှက်လန်းလည်း လေ့ကျင့်ကွင်းက ဒဏ်ရာကြောင့် ဒီပွဲမှာပါဖို့ မလွယ်ဘူး။

စကော့တလန်မှာ တွမ်မီနေး၊ မက်ဂင်၊ ဂီလ်မောတို့ ကွင်းလယ်အုပ်စုက အတွဲညီတယ်ဆိုပေမယ့် ဂျာမနီကွင်းလယ်ကို ယှဉ်ကစားနိုင်ဖို့ မလွယ်ကူပါဘူး။ နောက်ပြီး စကော့တလန်အသင်းက အခြားနေရာအသီးသီးမှာ သိသိသာသာအားနည်းပါတယ်။ အထောင်တိုက်စစ်အဖြစ်ကစားမယ့် အဒမ်က ဂိုးရဖို့ အာမခံချက်မရှိသလို ဒီနောက်ပိုင်းပွဲတွေမှာ နည်းပြစတိဗ်ကလက်ခ်ကစားနေတဲ့ 3 Back ကလည်း နောက်တန်းမလုံဘဲ ဂိုးတွေဆက်တိုက်ပေးနေရတယ်။

နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာ(၉)ပွဲမှာ ဂျီဘရော်တာတစ်သင်းတည်းကိုပဲနိုင်ပြီး ကျန်ပွဲ(၈)ပွဲမှာ Clean Sheet တစ်ပွဲမှ မရဘဲ နိုင်ပွဲပျောက်ခဲ့ရတဲ့ (၅ ပွဲရှုံး၊ ၃ ပွဲသရေ)စကော့တလန်အနေနဲ့ အိမ်ရှင်ဂျာမနီကို အံအားသင့်အောင်လုပ်နိုင်ဖို့ အလှမ်းဝေးလွန်းပါတယ်။

စကော့တလန်နဲ့ နောက်ဆုံးတွေ့ဆုံမှု (၃)ပွဲဆက်တိုက် ဂျာမနီကပဲ အနိုင်ယူထားပါတယ်။ ဒီပွဲမှာလည်း အိမ်ရှင်အသင်းကပဲ ပွဲထွက်ကောင်းမယ့် အနိုင်ရလဒ်ကို ရယူသွားမှာပါ။ စကော့တလန်တိုက်စစ်ကို မယုံတာနဲ့ ဂျာမနီပွဲဦးဖြစ်နေလို့ ထိန်းကစားမှာကြောင့် ဒီပွဲဂိုးနည်းမယ်လို့ ထင်နေမိတယ်။ ဂျာမနီ(၂-ဝ)လိုရလဒ်မျိုးက အဖြစ်သင့်ဆုံးလို့ ခန့်မှန်းလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *