ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ အသင်းကိုနှုတ်ဆက်ကြမယ့် ဂျာမန်ကွင်းလယ်လူနှစ်ဦး

0

ဒီနေ့ည ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မွန်တို့ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲက ဒီနှစ်သင်းရဲ့ဂန္ထဝင်ကစားသမားတွေလို့ သေချာပေါက်သတ်မှတ်ခံရမယ့် ဂျာမန်ကွင်းလယ်လူ(၂)ဦးရဲ့နှုတ်ဆက်ပွဲလည်း ဖြစ်လာမှာပါ။

ဂျာမန်ကွင်းလယ်လူတိုနီကရူးစ်(၃၄ နှစ်)က ဒီရာသီကုန်ရင် ရီးရဲလ်မက်ဒရစ်အသင်းက အနားယူမှာဖြစ်ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲပြီးရင်လည်း နိုင်ငံတကာဘောလုံးသမားဘဝက အနားယူမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ မေလ(၂၁)ရက်နေ့က ကြေညာထားပါတယ်။ တိုနီကရူးစ်က ကလပ်အသင်းကစားသမားဘဝကိုရော၊ နိုင်ငံလက်ရွေးစင်အသင်းကစားသမားဘဝကိုပါ အဆုံးသတ်တော့မယ်လို့ ကြေညာခဲ့တာပါ။

ဒါကြောင့် ဒီညကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်က ရီးရဲလ်မက်ဒရစ်အသင်းဝတ်စုံနဲ့ တိုနီကရူးစ်ကို နောက်ဆုံးတွေ့မြင်ရမယ့်ပွဲလို့လည်း ဆိုရမှာပါ။

တိုနီကရူးစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားခဲ့တဲ့ (၁၀)ရာသီအတွင်း ပြိုင်ပွဲစုံပွဲပေါင်း(၄၆၄)ပွဲ ကစားခဲ့ပြီး (၂၈)ဂိုးသွင်းယူပေးခဲ့ပါတယ်။

တိုနီကရူးစ်လိုပဲ ဒီနေ့ည ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးရင် အသင်းကို စွန့်ခွာမယ့်သူက ဒေါ့မွန်ကွင်းလယ်လူ မာကိုရွိုင်းစ်(၃၅ နှစ်)ဖြစ်ပါတယ်။ မာကိုရွိုင်းဟာ ၂၀၁၂ ခုနှစ်ကတည်းက ဒေါ့မွန်အသင်းမှာ ကစားခဲ့သူဖြစ်ပြီး (၁၂)ရာသီအတွင်း ပြိုင်ပွဲစုံပွဲပေါင်း(၄၂၈)ပွဲကစားကာ (၁၇၀)ဂိုးသွင်းယူပေးထားပါတယ်။

မာကိုရွိုင်းစ်က သူ့အနေနဲ့ ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်းထပ်မတိုးဘဲ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၄ နွေရာသီမှာ အသင်းကထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့တာပါ။ ဒါကြောင့် မာကိုရွိုင်းအနေနဲ့ တိုနီကရူးစ်လို ဘောလုံးကစားခြင်းကို အပြီးတိုင်စွန့်လွှတ်တာမဟုတ်ဘဲ အခြားအသင်းတစ်သင်းသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ညကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲက ဂျာမန်ကွင်းလယ်ကစားသမားနှစ်ဦးဖြစ်တဲ့ တိုနီကရူးစ်နဲ့ မာကိုရွိုင်းစ်တို့ကို သူတို့ကာလရှည်ကစားခဲ့တဲ့ ကလပ်အသင်းတွေနဲ့ နောက်ဆုံးနှုတ်ဆက်မယ့်ပွဲအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။

ဘယ်သူက အောင်ပွဲနဲ့အတူ ကလပ်အသင်းကိုနှုတ်ဆက်ပြီး ဘယ်သူက ရှုံးနိမ့်ခြင်းနဲ့အတူ ကလပ်အသင်းကို လမ်းခွဲရမလဲဆိုတာကတော့ …

Leave a Reply

Your email address will not be published. Required fields are marked *