​ဆော်ဒီဘုရင့်ဖလား ဗိုလ်လုပွဲမှာ အယ်လ်နာဆာအသင်းကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တဲ့ အယ်ဟီလယ်အသင်း

0

မနေ့က ကစားခဲ့တဲ့ ဆော်ဒီဘုရင့်ဖလားဗိုလ်လုပွဲမှာ ဆော်ဒီပရိုလိဂ်လက်ရှိချန်ပီယံအယ်လ်ဟီလယ်အသင်းက နာမည်ကြီး အယ်လ်နာဆာအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။

အယ်လ်ဟီလယ်အသင်းအနေနဲ့ ဒီရာသီမှာ ဆော်ဒီပရိုလိဂ်မှာ ရှုံးပွဲမရှိချန်ပီယံဖြစ်ထားတဲ့အပြင် ဆော်ဒီစူပါဖလားကိုလည်း ရရှိထားတာကြောင့် ဒီရာသီ ပြည်တွင်းပြိုင်ပွဲတွေမှာ ရှုံးပွဲမရှိ ဖလား(၃)လုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။

ဆော်ဒီဘုရင့်ဖလားဗိုလ်လုပွဲမှာ အယ်လ်ဟီလယ်အသင်းက ပွဲချိန်(၇)မိနစ်မှာပဲ မီထရိုဗစ်က ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပွဲချိန်(၈၈)မိနစ်မှ အယ်လ်နာဆာတောင်ပံကစားသမား အိုင်မန်ယာယာက ချေပဂိုးပြန်သွင်းခဲ့ပါတယ်။

အချိန်ပိုမိနစ်(၃၀)ထပ် ကစားပြီးချိန်အထိ (၁-၁)ဂိုးနဲ့ သရေကျနေလို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူရာမှာ အယ်လ်ဟီလယ်အသင်းက ပယ်နယ်တီ(၇)လုံးမှာ (၅)လုံးကို ဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။

အယ်လ်နာဆာအသင်းဘက်က ပယ်နယ်တီ(၇)လုံးကန်သွင်းရာမှာ (၄)လုံးသာဝင်အောင်ကန်နိုင်ခဲ့ပြီး အဲလက်စ်တဲလက်စ်၊ အယ်လ်ဟက်ဆန်၊ အယ်လ်နှီမာတို့က လွဲချော်ခဲ့တာကြောင့် နောက်ဆုံးမှာ ပယ်နယ်တီ(၅-၄)ဂိုးနဲ့ အယ်လ်ဟီလယ်အသင်းက ချန်ပီယံအဖြစ် ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းကတော့ ဒီရာသီမှာ အာရပ်ကလပ်အသင်းတွေ ယှဉ်ပြိုင်ကြတဲ့ အာရပ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တာကလွဲလို့ ဆော်ဒီပရိုလိဂ်မှာ ဒုတိယ၊ ဆော်ဒီဘုရင့်ဖလားမှာ ဒုတိယ၊ အာရှချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်၊ ဆော်ဒီစူပါဖလားမှာ ဆီမီးဖိုင်နယ်အဆင့်တွေနဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *