ရီးရဲလ်အသင်းရဲ့ ချန်ပီယံလိဂ်အောင်ပွဲခံ ဘတ်စ်ကားကို စောင့်ရှောက်ပေးခဲ့တဲ့ ကာဗာဟယ်ရဲ့ဖခင် ရဲသားကြီး

0

၂၀၂၄ ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းသားတွေထဲမှာ နောက်ခံလူကာဗာဟယ်က အထူးခြားဆုံးကစားသမားပါ။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ချန်ပီယံဆု(၆)ကြိမ်ဆွတ်ခူးပြီး တိုနီကရူးစ်၊ မိုဒရစ်၊ နာချိုတို့နဲ့အတူ ဂန္ထဝင်ကစားသမား ဂျန်တိုရဲ့ဆုဖလားအများဆုံးကစားသမား စံချိန်ကို လိုက်မီခဲ့တယ်။ သူက အထက်ပါ အသင်းဖော်တွေထက်ပိုထူးခြားတာက သူဆုဖလားဆွတ်ခူးခဲ့တဲ့(၆)ကြိမ်စလုံး ဗိုလ်လုပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့တာပါ။

ချန်ပီယံလိဂ်ဖလားနဲ့အတူ ရီးရဲလ်မက်ဒရစ်အသင်းက မက်ဒရစ်မြို့အတွင်း လှည့်လည်အောင်ပွဲခံတော့ ဒီဂုဏ်ယူစရာကောင်းတဲ့ ကစားသမားရဲ့ဖခင်ဖြစ်သူက အသင်းဘတ်စ်ကားကို တရားဝင်စောင့်ရှောက်ပေးရသူဖြစ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ချန်ပီယံလိဂ်အောင်ပွဲခံဘတ်စ်ကားကို စောင့်ရှောက်ပေးနေတဲ့ ကာဗာဟယ်ရဲ့ဖခင်ရဲသားကြီး

ကာဗာဟယ်ရဲ့ဖခင်ဖြစ်သူက မက်ဒရစ်မြို့မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးအဖြစ် အလုပ်လုပ်နေပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့အောင်ပွဲခံဘတ်စ်ကားကို လိုက်ပါစောင့်ရှောက်ရတဲ့ မြင်းစီးရဲတပ်ဖွဲ့ထဲမှာ ပါဝင်ခဲ့တာပါ။

သားဖြစ်သူရဲ့အောင်မြင်မှုအပေါ် ဂုဏ်ယူနေရရုံမက မိမိကိုယ်တိုင် အောင်ပွဲခံအခမ်းအနားမှာ ချန်ပီယံအသင်းရဲ့လုံခြုံရေးကို တာဝန်ယူရတာ ဟာဗာဟယ်ရဲ့ဖခင်အတွက် ပီတိဖြစ်စရာအကောင်းဆုံးလို့ဆိုရမှာပါပဲ။

ဒီထက်ပိုပြီး နှလုံးပီတိ ဂွမ်းဆီထိသလိုဖြစ်ခဲ့ရတာက သားဖြစ်သူ ကာဗာဟယ်က ဆုဖလားကို ကိုင်ဆောင်ပြီး ကားပေါ်က ဆင်းလာကာ မြင်းပေါ်က ဖခင်အနား အတူဓါတ်ပုံရိုက်တဲ့အခိုက်အတန့်ပါပဲ။

ဒီဖြစ်ရပ်လေးကို ဘောလုံးဆိုရှယ်မီဒီယာတွေမှာ ဖော်ပြတော့ ကာဗာဟယ်ရဲ့ဖခင်ရဲကြီးကို ချီးကျူးဂုဏ်ပြုရေးသားတဲ့ Comment တွေ များစွာ ထွက်ပေါ်လာခဲ့ပါတယ်။

အာဖရိကတိုက်က ပရိသတ်အတော်များများက “ငါတို့ အာဖရိကမှာ ဆိုရင် ဒီလိုအသက်အရွယ်မှာ အလုပ်လုပ်နေတော့မှာ မဟုတ်ဘူး။ သားဖြစ်သူ ရှာထားတဲ့ငွေတွေနဲ့ ကောင်းကောင်းစည်းစိမ်ခံနေတော့မှာ” “ငါတို့ဆီမှာ ဆိုရင် သားဖြစ်သူက အဖေကို အလုပ်မလုပ်ခိုင်းတော့ဘဲ အနားယူခိုင်းမှာ အသေအချာပဲ။ ဒီအရွယ်အထိ လုပ်အားတန်ဖိုးကို ချစ်မြတ်နိုးစွာ အလုပ်လုပ်နေတာ ဂုဏ်ယူပါတယ်”” အစရှိသဖြင့် ရေးသားခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *