ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုအတွက်အပြတ်အသတ်ရေပန်းစားနေတဲ့ ဘာပေနဲ့ကိန်း

0

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးကစားသမားဆု(ရွှေဖိနပ်ဆု)ကို ရယူနိုင်သူတွေအဖြစ် ပြင်သစ်ဘာပေနဲ့ အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်းတို့က ကျန်ကစားသမားတွေကို များစွာအသာရပြီး ထိပ်ဆုံးက ရေပန်းစားနေပါတယ်။

ဘွတ်ကီဒိုင်အများစုက ဘာပေကို အလေးပေးချက်(၉/၂)လေး၊ ဟာရီကိန်းကို အလေးပေးချက်(၁၁/၂)လေး ပေးထားတာဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့နောက်မှာ စီရော်နယ်ဒို၊ လူကာကူ၊ ဘယ်လင်ဂမ်၊ ဂျရူးအစရှိတဲ့ ကစားသမားတွေရှိနေကြပါတယ်။

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းထားတဲ့ ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုအပါအဝင် ယူရို- ၂၀၂၄ပြိုင်ပွဲဝင်တိုက်စစ်ကစားသမားအများစုရဲ့ရွှေဖိနပ်ဆုအတွက် အလေးပေးချက်တွေက လျော်ကြေး(၁၀)ဆကျော်ရှိပေမယ့် ဒီကစားသမား(၂)ဦးကို ဘွတ်ကီဒိုင်တွေက (၅)ဆဝန်းကျင်သာ သတ်မှတ်ထားတာပါ။

နောက်ဆုံးကျင်းပထားတဲ့ အဓိကနိုင်ငံတကာပြိုင်ပွဲ(၃)ခုဖြစ်တဲ့ (၂၀၁၈)ကမ္ဘာ့ဖလား၊ ယူရို(၂၀၂၀)နဲ့ (၂၀၂၂)ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ စုစုပေါင်းဂိုးအများဆုံးသွင်းထားတဲ့ကစားသမားတွေအဖြစ် ဟာရီကိန်းနဲ့ ဘာပေတို့က ဦးဆောင်နေကြပါတယ်။ နှစ်ဦးစလုံး ဒီပြိုင်ပွဲ(၃)ခုပေါင်းမှာ (၁၈)ပွဲစီကစားထားကြပြီး (၁၂)ဂိုးစီ သွင်းယူထားကြတာပါ။

လာမယ့် ယူရို(၂၀၂၄)ပြိုင်ပွဲဝင်မယ့် ကစားသမားတွေထဲမှာ ဒီနိုင်ငံတကာပြိုင်ပွဲ(၃)ရပ်ကို ယှဉ်ပြိုင်ဖူးသူတွေများစွာပါဝင်ပေမယ့် ဟာရီကိန်းနဲ့ ဘာပေတို့လောက် ဂိုးအရေအတွက်များသူမရှိဘဲ စီရော်နယ်ဒိုတောင် ဒီပြိုင်ပွဲ(၃)ခုပေါင်း (၁၀)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကို စီရော်နယ်ဒိုက သွင်းဂိုး(၅)ဂိုးနဲ့ ရရှိခဲ့ပါတယ်။ ရော်နယ်ဒိုအနေနဲ့ ချက်တိုက်စစ်မှူး ပက်ထရစ်ရှစ်နဲ့ သွင်းဂိုးအရေအတွက်ချင်းတူပေမယ့် ဂိုးဖန်တီးမှုမှာ သူက ပိုများခဲ့တာကြောင့် ရွှေဖိနပ်ဆုကို ရယူဆွတ်ခူးနိုင်ခဲ့တာပါ။

ယူရိုပြိုင်ပွဲမှာ သွင်းဂိုးတူရင် ဂိုးဖန်တီးမှုကို ကြည့်ပြီး ဆုံးဖြတ်တဲ့စနစ်ကို ယူရို-၂၀၀၈ ပြိုင်ပွဲမှာကတည်းက စတင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ယူရို(၂၀၂၄)ဂိုးသွင်းအများဆုံး
ကစားသမားအတွက် အလေးပေးချက်များ

■ ဘာပေ – ၉/၂
■ ဟာရီကိန်း – ၁၁/၂
■ စီရော်နယ်ဒို – ၁၂/၁
■ လူကာကူ – ၁၄/၁
■ ဘယ်လင်ဂမ် – ၂၀/၁
■ ဂျရူး – ၂၅/၁
■ ဖိုဒန် – ၂၅/၁

Leave a Reply

Your email address will not be published. Required fields are marked *