အိမ်ရှင်ဂျာမနီပြီးတော့ .. စပိန်၊ အီတလီတို့ နိုင်ပွဲနဲ့ စဖွင့်တဲ့ ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲများ

0

ဟန်ဂေရီ (၁-၃) ဆွစ်ဇာလန်
စပိန် (၃-၀) ခရိုအေးရှား
အီတလီ (၂-၁)အယ်လ်ဘေးနီးယား
(ယူရို၂၀၂၄ အုပ်စုပွဲများ)

မနေ့က အိမ်ရှင်ဂျာမနီအသင်းက အဖွင့်ပွဲမှာ စကော့တလန်ကို ဂိုးပြတ်နိုင်ပွဲရယူခဲ့ပြီးနောက် ဒီနေ့ အုပ်စုကျပ်ထဲက စပိန်နဲ့ အီတလီတို့လည်း အဖွင့်ပွဲတွေကို နိုင်ပွဲနဲ့ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

မိုဒရစ်၊ ကိုဗာချစ်၊ ကရမ်မာရစ်၊ ဘရိုဇိုဗစ်အစရှိတဲ့ ဝါရင့်ကစားသမားတွေများစွာပါဝင်တဲ့ ခရိုအေးရှားကို စပိန်အသင်းက ပထမပိုင်းမှာတင် (၃)ဂိုးသွင်းပြီး သာသာယာယာအနိုင်ရခဲ့ပါတယ်။

ယာမားလ်၊ ဝီလီယံ၊ ရုဇ်၊ ပက်ဒရီအစရှိတဲ့ ကစားသမားတွေရဲ့သွက်လက်မြန်ဆန်တဲ့ထိုးဖောက်မှုတွေက ခရိုအေးရှားအသင်းကို အခက်တွေ့စေခဲ့ပြီး ပထမပိုင်း (၂၉၊ ၃၂၊ ၄၅+၁)မိနစ်တွေမှာပဲ ဂိုးတွေ ပေးခဲ့ရတာပါ။ စပိန်အတွက် ဂိုးတွေကိုတော့ မိုရာတာ၊ ရုဇ်၊ ကာဗာဟယ်လ်တို့က သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ခရိုအေးရှားက ထိရောက်တဲ့တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့သလို ပယ်နယ်တီကတစ်ဆင့် ချေပဂိုးတစ်ဂိုးသွင်းခဲ့ပေမယ့် ပက်ကိုဗစ် ပယ်နယ်တီကန်ချိန်မှာ ကျန်ကစားသမားတွေ စည်းထဲဝင်တယ်ဆိုတဲ့ VAR ရဲ့အကြံပြုချက်ကြောင့် ဒီဂိုးက ငြင်းဆန်ခံခဲ့ရပါတယ်။

ယူရိုပြိုင်ပွဲလက်ရှိချန်ပီယံအီတလီအသင်းကလည်း အယ်လ်ဘေးနီးယားအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ကစားပြီး အဖွင့်ပွဲမှာ (၃)မှတ်ရယူခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ပွဲချိန်(၁)မိနစ်မှာ ကတည်းက ဦးဆောင်ဂိုးသွင်းခဲ့တာ အယ်လ်ဘေးနီးယားအသင်းဖြစ်ပါတယ်။

ပွဲချိန်(၁၁)မိနစ်နဲ့ (၁၆)မိနစ်မှာ ဘတ်စတိုနီနဲ့ ဘာရယ်လာတို့က အဖိုးတန်ချေပဂိုးနဲ့ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာပါ။ အီတလီထက် ခြေစွမ်းနိမ့်တယ်ဆိုပေမယ့် ဒီပွဲက အယ်လ်ဘေးနီးယားအသင်းရဲ့စည်းလုံးမှုနဲ့ ကြိုးစားအားထုတ်မှုကိုတော့ အသိအမှတ်ပြုရမှာပါ။

ဒီ(၂)ပွဲမတိုင်မီကစားခဲ့တဲ့ အုပ်စု(A)က ဟန်ဂေရီ-ဆွစ်ဇာလန်ပွဲမှာတော့ ဆွစ်ဇာလန်အသင်းက (၃-၁)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *