ယူရို-၂၀၂၄ အုပ်စုအဆင့်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်များ

0

ဟန်ဂေရီ – ဆွစ်ဇာလန်
(15 June 2024 / 7:30 pm)

စပိန် – ခရိုအေးရှား
(15 June 2024 / 10:30 pm)

အီတလီ – အယ်လ်ဘေးနီးယား
(16 June 2024 / 1:30 am)

ဟန်ဂေရီ – ဆွစ်ဇာလန်

(ယူရို-၂၀၂၄ အုပ်စု A)

ဟန်ဂေရီက ပြိုင်ပွဲကြီးတွေမှာ အစဉ်အလာရှိတဲ့အသင်းမဟုတ်ပေမယ့် ဒီနှစ်ပိုင်းမှာ တိုးတက်မှုရှိလာတာတော့ အသိအမှတ်ပြုရမယ်။ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်အတွင်း သူတို့ ကစားထားသမျှပွဲတွေမှာ ရှုံးခဲ့တာ အိုင်ယာလန်တစ်သင်းပဲရှိတယ်။ ဆိုဘို့ဆလိုင်း၊ ကာကက်ဇ်တို့လို ပရီးမီးယားလိဂ်ကစားသမားတွေအပြင် ဥရောပထိပ်တန်းလိဂ်ကလပ်အသင်းအသီးသီးမှာ ကစားနေတဲ့ ကစားသမားတွေက ဟန်ဂေရီအသင်းကို အရင်လို အိမ်ဖြည့်အဆင့်ထက် တစ်ဆင့်ပိုအဆင့်မြင့်ထားပေးတယ်။

ဆွစ်ဇာလန်အသင်းကလည်း ဝါရင့်ဂိုးသမား ဆွန်းမား၊ နောက်ခံလူ အကန်ဂျီ၊ ဖေဘီယန်ရှား၊ ကွင်းလယ်လူ ရှာကာ၊ ရှက်ကီရီ အစရှိတဲ့ ကစားသမားကောင်းတွေနဲ့ ပုံစံကောင်းရနေတဲ့အသင်းဖြစ်တယ်။ ဟန်ဂေရီက 3-4-2-1 ပုံစံ၊ ဆွစ်ဇာလန်က 3-4-3 ပုံစံကစားလေ့ရှိပြီး 3 Back ကစားကြတာ တူသလို ခံစစ်ကို လုံအောင်တည်ဆောက်ကြတာချင်းလည်းတူတယ်။ ဒီနှစ်အတွင်းကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာ ဒီနှစ်သင်းစလုံး(၄)ပွဲမှာ (၃)ပွဲကို Clean Sheet ရအောင် ကစားနိုင်ခဲ့ကြတယ်။ ဒါကြောင့် ဒီပွဲလည်း ဂိုးနည်းနိုင်ပြီး ပွဲဦးမှာ ခြေမကွာတော့ ထိန်းကစားရင်း သရေကျဖို့ များမယ်ထင်တယ်။
(၁-၁)လို ရလဒ်ကိုပဲ မျှော်လင့်မိတယ်။

စပိန် – ခရိုအေးရှား

(ယူရို-၂၀၂၄ အုပ်စု B)

လက်ရှိချန်ပီယံအီတလီပါဝင်နေတဲ့ ဒီအုပ်စုက ပွဲဦးကစပြီး အမှားခံလို့မရတဲ့ အနေအထားမှာ ရှိနေတယ်။ ခရိုအေးရှားမှာက အမာခံလူဟောင်းတွေများပေမယ့် စပိန်မှာကတော့ ခြေစွမ်းအတက်ပိုင်းကို ရောက်လာကြပြီး နေရာရလာကြတဲ့ အရည်အသွေးမြင့်ကစားသမားတွေကို အတော်တွေ့ရတယ်။ ဂရီမယ်လ်ဒို၊ နီကိုဝီလီယံ၊ လာမင်းယာမားလ်၊ အော်လ်မိုအစရှိတဲ့ ကစားသမားတွေရဲ့တောင်ပံတိုက်စစ်တွေက ခရိုအေးရှားနောက်တန်းကို အတော် ဒုက္ခပေးနိုင်လိမ့်မယ်။

မိုဒရစ်၊ ကိုဗာချစ်၊ ဘရိုဇိုဗစ်အစရှိတဲ့ ဝါရင့်ကစားသမားတွေစုဖွဲ့ထားတဲ့ ခရိုအေးရှားကွင်းလယ်မောင်းနှင်အားကလည်း စပိန်အသင်းကို အကောင်းဆုံးပုံစံနဲ့တုံ့ပြန်ကစားနိုင်လိမ့်မယ်။ ဒီနှစ်သင်းကြား ကွာဟချက်ကြီးကြီးမားမားမရှိသလို နှစ်သင်းစလုံးက 4-3-3 ပုံစံကို အခြေခံကစားကြတာချင်းလည်း တူတယ်။ ဒီနှစ်သင်းနောက်ဆုံးတွေ့ဆုံမှုအဖြစ် မနှစ်က Nations League Final မှာ ဆုံကြတော့ အချိန်ပိုအထိ ဂိုးမရှိသရေကျခဲ့ပြီး စပိန်က ပယ်နယ်တီနဲ့ အနိုင်ရဗိုလ်စွဲခဲ့တယ်။

လူငယ်၊ လူကြီးအချိုးညီညီပေါင်းစပ်ထားတဲ့ စပိန်အသင်းနဲ့ ဝါရင့်ကစားသမားအများစုပါဝင်တဲ့ ခရိုအေးရှား ကစားသမားစုဖွဲ့မှုပုံစံချင်း ကွာပေမယ့် နှစ်သင်းစလုံးမှာ အတွေ့အကြုံရင်၊ အရည်အသွေးရှိကစားသမားတွေ အများအပြားပါဝင်နေလို့ ဘယ်အသင်းက သိသိသာသာအားသာလဲဆိုတာ ပြောဖို့ ခက်တဲ့အနေအထားပဲ။

နောက်ဆုံးတွေ့ဆုံမှုလို သရေကျဖို့များပေမယ့် တစ်သင်းမဖြစ်မနေရွေးဆိုရင်တော့ လျှင်မြန်ဖျတ်လတ်တဲ့ လူငယ်တိုက်စစ်ကစားသမားတွေနဲ့ ပိုကြောက်ဖို့ ကောင်းတဲ့တိုက်စစ်ကို ပိုင်ဆိုင်ထားတဲ့ စပိန်ကိုပဲရွေးမိမယ်။ စပိန်(၂-၁)လို ရလဒ်ကိုပဲ အကြိုက်တွေ့မိတယ်။

အီတလီ – အယ်လ်ဘေးနီးယား

(ယူရို-၂၀၂၄ အုပ်စု B)

အီတလီက ယူရို-၂၀၂၄ မှာ လက်ရှိချန်ပီယံအသင်းဆိုပေမယ့် လေးစားမှုလျော့ခံနေရတဲ့ ချန်ပီယံအသင်းဖြစ်တယ်။ ရေပန်းစားမှုမှာ အဆင့်(၆)လောက်ရောက်နေတယ်။ ဒီလိုဖြစ်တာကလည်း အသင်းမှာ ကစားသမားကောင်းတချို့အနားယူသွားတာနဲ့ လက်ရှိခြေစွမ်းကြောင့်လို့လည်း ပြောလို့ရတယ်။

အီတလီမှာ ပုံမှန်ဂိုးသွင်းမယ့်တာဝန်ကို ဘယ်ကစားသမားက ယူမှာလဲလို့ မေးခွန်းထုတ်ရလောက်အောင် ဒီအသင်းရဲ့တိုက်စစ်က စိတ်ပျက်စရာကောင်းတယ်။ ချီယေဆာကလည်း လက်ရွေးစင်အသင်းမှာ ဂိုးအတွက် အာမခံချက်ပေးနိုင်တဲ့ တိုက်စစ်မှူးမျိုးမဟုတ်ဘူး။ စကာမက်ကာကလည်း စောင့်ကြည့်ရမယ့် တိုက်စစ်မှူးအဆင့်ပဲ ရှိသေးတယ်။ ဒါကြောင့် ဒီနောက်ပိုင်းပွဲတွေမှာ ဂိုးပေါက်ပျောက်တဲ့ပွဲတွေကိုတောင် တွေ့နေရတယ်။

ချီးကျူးစရာကောင်းတာကတော့ အီတလီရဲ့ခံစစ်ပါပဲ။ ဒီမာကို၊ ဒါမီယန်၊ မန်ချီနီ၊ ဘတ်စတိုနီ၊ အဆာဘီ၊ လိုရန်ဇို အစရှိတဲ့ ကစားသမားတွေက ဘယ်လိုလူအပြောင်းအလဲတွေပဲရှိရှိ အီတလီခံစစ်ကိုတော့ ကောင်းကောင်းထိန်းကျောင်းနိုင်ကြတယ်။ နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲမှာ Clean Sheet (၄)ပွဲယူခဲ့တဲ့ အီတလီခံစစ်က လေးစားမှုထားရှိသင့်တာအမှန်ပဲ။

ဒီခံစစ်ကို ဘာစီလိုနာနောက်ခံလူဟောင်း ဆယ်လ်ဗင်ဟိုကိုင်တွယ်နေတဲ့ အယ်လ်ဘေးနီးယား ထိုးဖောက်ဖို့ ခက်ခဲလိမ့်မယ်။ ဒီနောက်ပိုင်း အယ်လ်ဘေးနီးယားခြေစွမ်းတိုးတက်မှုရှိလာပေမယ့် အသင်းကြီးတွေနဲ့တွေ့ရင်တော့ ခက်ခဲနေတုန်းပါပဲ။ အသင်းငယ်တွေ၊ သာမန်အသင်းတွေကို ခံကစားနိုင်ပေမယ့် အသင်းကြီးတွေနဲ့တွေ့ရင် အရှုံးပေးရတာများပါတယ်။

ဒီပွဲ အီတလီအနိုင်ရဖို့က သေချာသလောက်ရှိပြီး ဘယ်နှဂိုးသွင်းမလဲဆိုတာပဲ စဉ်းစားမိတယ်။ အီတလီခံစစ်ကောင်းတာ၊ တိုက်စစ်အားနည်းတာတွေကြောင့် ဂိုးများများပြတ်မယ်တော့ မထင်မိဘူး။ အီတလီ (၁-ဝ)(၂-ဝ)လို ရလဒ်မျိုးကိုပဲ မျှော်လင့်မိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *