ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုပွဲစဉ် ပွဲကြိုသုံးသပ်ချက်များ

0

ပိုလန် – နယ်သာလန်
(16 June 2024 / 7:30 pm)

ဆလိုဗေးနီးယား – ဒိန်းမတ်
(16 June 2024 / 10:30 pm)

ဆားဘီးယား – အင်္ဂလန်
(17 June 2024 / 1:30 pm)

ပိုလန် – နယ်သာလန်

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ပိုလန်က နောက်ဆုံး(၅)ပွဲဆက်အနိုင်ကစားထားပြီး ယူကရိန်း၊ တူရကီအသင်းတွေကို အနိုင်ရခဲ့တယ်ဆိုပေမယ့် အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီးမပါတာက အသင်းအတွက် အတော်ကို ကြေကွဲစရာကောင်းတယ်။ ဒါ့အပြင် အသင်းမှာ ပုံမှန်ကစားနေကျကစားသမားတွေဖြစ်တဲ့ ဆွီဒါစကီးနဲ့ ဒါဝီဒိုဝစ်တို့ကလည်း ဒဏ်ရာပြဿနာတွေ ရှိနေကြတယ်။

နယ်သာလန်မှာလည်း အဓိကကွင်းလယ်ကစားသမား(၂)ဦးဖြစ်တဲ့ ဒီယွန်းနဲ့ ကု(ပ်)မိုင်နာတို့ မပါလာဘူး။ ဒါပေမယ့် နယ်သာလန်အနေနဲ့ တောင့်တင်းတဲ့အသင်းအဖြစ်ရှိနေသေးတယ်။ ပိုလန်က နယ်သာလန်အတွက် ခက်ခဲတဲ့ပြိုင်ဘက်မျိုးတော့မဟုတ်ဘူး။ ပိုလန်နဲ့ နောက်ဆုံးကစားခဲ့တဲ့ (၆)ပွဲမှာ နယ်သာလန်က (၅)ပွဲ အနိုင်ရခဲ့တယ်။ လက်ရှိမှာလည်း တစ်ကျော့ပြန်နည်းပြရော်နယ်လ်ကိုးမန်းရဲ့လက်အောက်မှာ နယ်သာလန်က တိုက်စစ်စွမ်းဆောင်ရည်မြင့်တဲ့အသင်းအဖြစ် တွေ့မြင်နေရတယ်။

ဂျာမနီကို ရှုံးခဲ့တဲ့ ပွဲကလွဲလို့ ကျန်(၄)ပွဲမှာ အနိမ့်ဆုံး(၄)ဂိုးပြတ်တွေနဲ့ ပြိုင်ဘက်အသင်းတွေကို နိုင်ထားတယ်။ ဒီပိုင်း၊ ဂတ်ပို၊ ဝက်ဂ်ဟောက်စ်အစရှိတဲ့ တိုက်စစ်ကစားသမားတွေသာမက နယ်သာလန်အသင်းက ဂိုးသွင်းတတ်တဲ့ကစားသမားပေါများလွန်းတယ်။ ဒီပွဲမှာလည်း နယ်သာလန်အနိုင်နဲ့ ပွဲထွက်မှာ သံသယဖြစ်စရာမရှိပါဘူး။ အနိမ့်ဆုံး(၂)ဂိုးလောက်တော့ ပြတ်မယ်ထင်တယ်။ (၂-ဝ)(၃-၁)လို ရလဒ်တွေကို အကြိုက်တွေ့မိတယ်။

ဆလိုဗေးနီးယား – ဒိန်းမတ်

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ဆလိုဗေးနီးယားက ယူရို-၂၀၀၀ နောက်ပိုင်း ပထမဆုံးအကြိမ် ယူရိုမှာ ပြန်ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပြီး ပထမဆုံးယူရိုနိုင်ပွဲရဖို့ အားခဲနေကြတယ်။ အိုဘလက်ခ်၊ ဆက်ကို အစရှိတဲ့ အရည်အသွေးရှိ ကစားသမားအနည်းအကျဉ်းကို ပိုင်ဆိုင်ပေမယ့် ဆလိုဗေးနီးယားအတွက် ကျန်အပိုင်းတွေမှာတော့ အားနည်းပါတယ်။ ဒီအုပ်စု(C)မှာတော့ အင်္ဂလန်၊ ဆားဘီးယား၊ ဒိန်းမတ်တို့နဲ့ ယှဉ်ရင် အားအနည်းဆုံးအသင်းလို့ ဆိုရမယ်။

ဒိန်းမတ်ကတော့ ကက်စပါရှမိုက်ကယ်၊ အန်ဒါဆန်၊ ခရစ္စတန်ဆန်၊ ဆိုင်မွန်ကေယာ၊ ဟူးဘယက်၊ အဲရစ်ဆင်၊ ဟွိုင်လန်းအစရှိတဲ့ ထိပ်တန်းလိဂ်အတွေ့အကြုံရှိကစားသမားအစုံအလင်နဲ့ တောင့်တင်းတဲ့အသင်းအဖြစ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ တုန်းကဆို ဆီမီးဖိုင်နယ်အထိတောင် တက်လာနိုင်တာကို မေ့မထားသင့်ဘူး။

ဒီအသင်းက ငြိမ့်ငြိမ့်လေးနဲ့ ပေါက်ကွဲအားကောင်းတဲ့အသင်းမျိုးဖြစ်တယ်။ ဒါကြောင့် Danish Dynamite လို့ အမည်ရထားတဲ့ ဒိန်းမတ်ကို ပိုယုံကြည်တာမမှားနိုင်ဘူး။ ဆလိုဗေးနီးယားနဲ့ တွေ့ဆုံမှု(၆)ကြိမ်မှာ (၅)ကြိမ်အနိုင်ကစားခဲ့ပြီး တစ်ကြိမ်သရေကျခဲ့တဲ့ ဒိန်းမတ် ဒီပွဲလည်း အနိုင်နဲ့ တာထွက်ပါလိမ့်မယ်။ ဒိန်းမတ်အနိုင်(၂-၁)(၃-၁)လို ရလဒ်တွေကို တွေ့ရမယ်ထင်တယ်။

ဆားဘီးယား – အင်္ဂလန်

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ကွင်းထဲမှာတော့ ဘယ်လိုလာမယ်မသိဘူး။ ကွင်းပြင်ပနဲ့ ပွဲကြည့်စင်ပေါ်မှာတော့ နှစ်ဖက်ပရိသတ်တွေ အသေသတ်ကြမယ့်ပွဲလို့ပဲ ပြောရမယ်။ ပွဲမတိုင်ခင်ကတည်းက အင်္ဂလန်ပရိသတ်တွေကို ဆားဘီးယားပရိသတ်တွေက ဓါးကြိမ်းကြိမ်းနေကြတယ်။

ဆားဘီးယားနဲ့ အင်္ဂလန် ကစားသမားစုဖွဲ့မှု၊ ခြေစွမ်းချင်းယှဉ်ရင်တော့ အတော်ကွာပါတယ်။ ယူရို-၂၀၀၀ နောက်ပိုင်းမှာ ယူရိုကို ပထမဆုံးပြန်ကစားခွင့်ရမယ့် ဆားဘီးယားက ပြိုင်ပွဲကြီးတွေမှာ အစဉ်အလာကောင်းတဲ့အသင်းမဟုတ်ပါဘူး။ နောက်ဆုံး ကမ္ဘာ့ဖလား(၅)ကြိမ်မှာ (၄)ကြိမ် ကစားခွင့်ရခဲ့ပေမယ့် တစ်ကြိမ်မှ အုပ်စုကို မကျော်ခဲ့ဘူး။ ၂၀၂၂ ကမ္ဘာ့ဖလားမှာ နိုင်ပွဲတစ်ပွဲတောင်မရခဲ့ဘူး။

လက်ရှိအသင်းမှာ တိုက်စစ်က မီထရိုဗစ်၊ ယိုဗစ်၊ ဗလာဟိုဗစ်တို့လို ထိပ်တန်းတိုက်စစ်မှူးတွေတော့ ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် ကွင်းလယ်နဲ့ နောက်တန်းကတော့ အားနည်းတယ်။ ဒါကြောင့် အသင်းက တည်ငြိမ်မှုနည်းတာကိုတွေ့ရတယ်။ သာမန်အသင်းတွေဖြစ်တဲ့ ဟန်ဂေရီ၊ ဘူလ်ဂေးရီးယား၊ သြစတြီးယားအသင်းတွေနဲ့ ကစားတာတောင် ဆားဘီးယားအနေနဲ့ ရုန်းကန်ခဲ့ရပြီး ဂိုးတွေပေးခဲ့ရတယ်။

ဟာရီကိန်း၊ ဖိုဒန်၊ ဘယ်လင်ဂမ်၊ ဆာကာ အစရှိတဲ့ ထိပ်တန်းကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂလန်တိုက်စစ်ကို အားနည်းချက်များတဲ့ ဆားဘီးယားအနေနဲ့ ဘယ်လိုမှ တောင့်ခံနိုင်ဖို့မလွယ်ဘူး။ အင်္ဂလန်က ပြိုင်ပွဲမတိုင်ခင် ခြေစမ်းပွဲတွေမှာ ရလဒ်မကောင်းပေမယ့် တကယ့်ပြိုင်ပွဲရောက်ရင်တော့ ကစားသမားတွေက အားကြိုးမာန်တက်ကစားပြီး စုဖွဲ့မှုကောင်းကောင်းနဲ့ ကစားတတ်တယ်။

ဒီပွဲက အင်္ဂလန်အတွက် အံအားသင့်စရာရလဒ်ထွက်မယ့် ပွဲမျိုးတော့မဟုတ်ဘူး။ ဂျာမနီ၊ စပိန်တို့ ဂိုးပြတ်တွေနဲ့ စဖွင့်တဲ့ပုံစံမျိုး အင်္ဂလန်လည်း ဂိုးပြတ်အနိုင်နဲ့စဖွင့်မယ့်ပွဲလို့ ထင်မိတယ်။ အနည်းဆုံး(၂)ဂိုးပြတ်နိုင်မယ်။ ဂိုးများမယ်လို့ သုံးသပ်ကြည့်မိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *