ရေပန်းအစားဆုံးအင်္ဂလန်နဲ့ နယ်သာလန်တို့ ကျဉ်းမြောင်းတဲ့ အနိုင်ရလဒ်တွေနဲ့ ရမှတ်ပြည့်ရယူခဲ့တဲ့ ယူရိုအုပ်စုအဖွင့်ပွဲ

0

အင်္ဂလန်(၁-ဝ) ဆားဘီးယား
ပိုလန် (၁-၂) နယ်သာလန်
ဆလိုဗေးနီးယား(၁-၁)ဒိန်းမတ်

(ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုပွဲစဉ်များ)

ဒီယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအင်္ဂလန်အသင်းက အဖွင့်ပွဲမှာ ဆားဘီးယားအသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရပြီး ရမှတ်ပြည့်ရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အင်္ဂလန်အသင်းရဲ့ရလဒ်နဲ့ ခြေစွမ်းက မျှော်လင့်ချက်ကြီးနေတဲ့ပရိသတ်တွေအတွက် အားရကျေနပ်စရာမဖြစ်ခဲ့တာတော့ အမှန်ပါပဲ။

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က ဘောလုံးဝေဖန်သူတွေ၊ မီဒီယာတွေနဲ့ ပရိသတ်တွေ ကြိုတင်ခန့်မှန်းထားတဲ့ လူစာရင်းအတိုင်း 4-2-3-1 ကစားကွက်နဲ့ ပွဲထွက်ခဲ့ပါတယ်။ ဆားဘီးယားအသင်းက ဒီကစားကွက်ကို ဘယ်လိုတုံ့ပြန်ကစားရမယ်ဆိုတာ ကြိုတင်ပြင်ဆင်ထားခဲ့လို့ အင်္ဂလန်အတွက် လွယ်ကူတဲ့ပွဲတစ်ပွဲမဖြစ်ခဲ့ဘဲ ရုန်းကန်ခဲ့ရပါတယ်။

ပွဲချိန်(၁၃)မိနစ်မှာ ဘယ်လင်ဂမ်က အကွက်မြင်စွာနဲ့ အလယ်ကြောကနေ ပြေးပြီး ခေါင်းခုန်တိုက်ခဲ့လို့ အင်္ဂလန်အသင်းဂိုးစရခဲ့ပြီး ဒီဂိုးက ဒီတစ်ပွဲလုံးအတွက် တစ်လုံးတည်းသောဂိုးဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာ ဆားဘီးယားခံစစ်က အင်္ဂလန်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဟာရီကိန်း၊ ဖိုဒန်၊ ဆာကာတို့ကို ကောင်းကောင်းထိန်းချုပ်ကစားခဲ့ပြီး ဟာရီကိန်းအပိုင်ခေါင်းတိုက်တဲ့တစ်လုံးကလည်း ဆားဘီးယား ဂိုးသမား ပုတ်ထုတ်ခဲ့ပါတယ်။

ဆာဘီယားဂိုးသမား ပုတ်ထုတ်ကာကွယ်ခဲ့တဲ့ ဟာရီကိန်းရဲ့ အပိုင်ခေါင်းတိုက်ဘော

ဒီပွဲမတိုင်ခင် အစောပိုင်းက ကစားခဲ့တဲ့ ပိုလန်-နယ်သာလန်ပွဲမှာလည်း နယ်သာလန်အသင်းက ပိုလန်ကို ခက်ခက်ခဲခဲကစားခဲ့ရပြီး ပွဲအပြီးမှာ (၂-၁)နဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲချိန်(၁၆)မိနစ်မှာကတည်းက ပိုလန်က ဂိုးစသွင်းခဲ့ပြီး (၂၉)မိနစ်မှာ ဂတ်ပိုက နယ်သာလန်အတွက် ချေပဂိုးသွင်းခဲ့ပါတယ်။ (၁-၁)နဲ့ ပြီးတော့မလားလို့ ထင်မှတ်ရချိန် ပွဲချိန်(၈၃)မိနစ်ရောက်မှာ လူစားဝင်တိုက်စစ်မှုူး ဝက်ဂ်ဟောက်စ်က နယ်သာလန်အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းပေးခဲ့တာပါ။

အင်္ဂလန်ပါတဲ့ အုပ်စု B က ကျန်ပွဲတစ်ပွဲဖြစ်တဲ့ ဆလိုဗေးနီးယား-ဒိန်းမတ်ပွဲမှာတော့ (၁-၁)ဂိုးနဲ့ သရေကျခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *