စာသားမရှိလို့ စပိန်ကစားသမားတွေ လိုက်သီဆိုလို့မရတဲ့ စပိန်နိုင်ငံတော်သီချင်း

0

မနေ့က စပိန်(၃-ဝ)ခရိုအေးရှားပွဲစဉ်မှာ စပိန်ကစားသမားတွေဟာ သူတို့ရဲ့နိုင်ငံတော်သီချင်းကို သီဆိုခဲ့ခြင်းမရှိတာ မြင်တွေ့ခဲ့ရပါတယ်။

ယူရိုချန်ပီယံဆုကို(၄)ကြိမ်မြောက်ရယူဖို့ ဂျာမနီကို ရောက်ရှိလာခဲ့တဲ့ စပိန်အသင်းဟာ အဖွင့်ပွဲစဉ်မှာ ခရိုအေးရှားအသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ဒါပေမယ့် ကစားသမားတွေနိုင်ငံတော်သီချင်းကို မသီဆိုတဲ့ အကြောင်းဟာ စိတ်ဝင်စားစရာအဖြစ်ရှိခဲ့တာပါ။

စပိန်နိုင်ငံရဲ့နိုင်ငံတော်သီချင်းဖြစ်တဲ့ the Marcha Real မှာ တရားဝင်စာသားမရှိဘူးလို့ The Metro က ဖော်ပြခဲ့ပါတယ်။

စပိန်နိုင်ငံတော်သီချင်းဟာ အစောပိုင်းက စပိန်ခြေလျင်တပ်တွေ စစ်ရေးချီတက်မှုမှာ အသုံးပြုခဲ့တာပါ။ စပိန်ဘုရင်မကြီး Isabella II ရဲ့လက်ထက် ၁၈၃၃ နဲ့ ၁၈၆၈ ခုနှစ်အကြားမှာ ဒီသီချင်းကို နိုင်ငံတော်သီချင်းအဖြစ် စတင် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးဖရန်ကို နိုင်ငံကို အုပ်ချုပ်တဲ့အချိန်အတွင်းမှာ နိုင်ငံတော်သီချင်းကို စာသားတွေထည့်သွင်းခဲ့ပေမယ့် သူဖယ်ရှားခံရတဲ့အချိန်မှာ စာသားတွေပါပြန် ဖယ်ရှားခံခဲ့ရပါတယ်။

၂၀၀၈ ခုနှစ်မှာ စပိန်အိုလံပစ်ကော်မတီဟာ နိုင်ငံတော်သီချင်းမှာ စာသားတွေထည့်သွင်းဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ သူတို့ဟာ နိုင်ငံတော်သီချင်းအဖွင့်မှာ ‘Viva Espana’ ထည့်သွင်းဖို့ ကြိုးပမ်းခဲ့တာက ဗိုလ်ချုပ်ဖရန်ကိုနဲ့ ဆက်နွှယ်မှုရှိ​နေတာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ စပိန်နိုင်ငံလိုပဲ နိုင်ငံတော်သီချင်းမှာ စာသားမပါဝင်တဲ့ အခြားနိုင်ငံ(၃)ခုကတော့ ဘော့စနီးယား၊ ကိုဆိုဗိုနဲ့ ဆန်မာရီနိုနိုင်ငံတို့ဖြစ်ပါတယ်။

စပိန်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ခရိုအေးရှားအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားခဲ့ပြီး အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇွန်(၂၀)ရက်မှာ အီတလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *