ယူရိုပြိုင်ပွဲတစ်လျှောက် အသက်အငယ်ဆုံး စံချိန်(၂)ခုတင်နိုင်ခဲ့တဲ့ လာမင်းယာမားလ်

0

ယူရို(၂၀၂၄) ပြိုင်ပွဲ အုပ်စု -B ပွဲစဉ် စပိန်(၃-ဝ)ခရိုအေးရှားပွဲမှာ ပါဝင်ကစားခဲ့တဲ့ စပိန်လူငယ်တောင်ပံကစားသမား လာမင်းယာမားလ်ဟာ ဒီပြိုင်ပွဲမှာ စံချိန်မှတ်တမ်း(၂)ခု တင်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာကစားသမား လာမင်းယာမားလ်ဟာ ကလပ်အသင်းပြိုင်ပွဲတွေမှာ အသက်အငယ်ဆုံးစံချိန်တွေ အမြောက်အမြားတင်နိုင်ခဲ့သလို အခု ယူရိုပြိုင်ပွဲမှာလည်း သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးစံချိန်(၂)ခုကို ရယူနိုင်ခဲ့တာပါ။

ဒီပွဲကစားတဲ့နေ့မှာ အသက်(၁၆)နှစ်(၃၃၈)ရက်သာရှိသေးတဲ့ လာမင်းယာမားလ်ဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အသက်အငယ်ဆုံးပွဲထွက်ကစားသူ၊ အသက်အငယ်ဆုံးဂိုးဖန်တီးသူ အစရှိတဲ့ စံချိန်မှတ်တမ်းတွေ ရေးထိုးနိုင်ခဲ့တာပါ။

ဒီပွဲမှာ လာမင်းယာမားလ်ဟာ ပွဲထွက်ကစားခွင့်ရခဲ့တဲ့အပြင် စပိန်အသင်းအတွက် တတိယဂိုးကို နောက်ခံလူကာဗာဟယ်လ်သွင်းယူနိုင်အောင် ပွဲချိန်(၄၅+၂)မိနစ်မှာ ညာတောင်ပံကနေ အကွက်မြင်မြင်ပေးပို့နိုင်ခဲ့တာဖြစ်ပါတယ်။

အရင်က ယူရိုပြိုင်ပွဲသမိုင်းမှာ အသက်အငယ်ဆုံးကစားသမားအဖြစ် ပိုလန်ကစားသမား ကော့ဇ်လိုးစကီးက အသက်(၁၇)နှစ်(၂၄၆)ရက်နဲ့ စံချိန်တင်ထားခဲ့တာပါ။ ကော့ဇ်လိုးစကီးဟာ ယူရို-၂၀၂၀ ပြိုင်ပွဲတုန်းက စပိန်(၁-၁)ပိုလန်ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး ပြိုင်ပွဲသမိုင်းမှာ အသက်အငယ်ဆုံးစံချိန်ကို တင်နိုင်ခဲ့တာဖြစ်ပါတယ်။ အခု လာမင်းယာမားလ်က ကော့ဇ်လိုးစကီးရဲ့စံချိန်ကို (၂၇၄)ရက်အသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။

ယူရိုပြိုင်ပွဲသမိုင်းမှာ အသက်(၁၈)နှစ်အောက်ကစားသမားဆိုလို့ (၃)ဦးသာရှိပြီး ကော့ဇ်လိုးစကီး(၁၇ နှစ်၊ ၂၄၆ရက်) လာမင်းယာမားလ်(၁၆)နှစ်၊ ၃၃၈ ရက်)နဲ့ ဘယ်လင်ဂမ်(၁၇ နှစ်၊ ၃၄၉ ရက်)တို့ပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *