ယူရို(၂)ကြိမ်၊ ကမ္ဘာ့ဖလား(၁)ကြိမ်ကစားခဲ့ပြီး စီရော်နယ်ဒိုရဲ့စံချိန်ကို ကျော်ဖြတ်ခဲ့တဲ့ ဘယ်လင်ဂမ်

0

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ အသက် (၂၀)နှစ်(၁၁)လအရွယ်မှာပဲ အဓိကနိုင်ငံတကာပြိုင်ပွဲကြီး(၃)ခုကို ယှဉ်ပြိုင်ဖူးသူဖြစ်လာပါတယ်။

ဘယ်လင်ဂမ်ဟာ လာမယ့် ဇွန်(၂၉)ရက်နေ့မှ အသက်(၂၁)နှစ်ပြည့်မှာ ဖြစ်ပါတယ်။

ယူရို-၂၀၂၀၊ ၂၀၂၂ ကမ္ဘာ့ဖလား၊ ယူရို-၂၀၂၄ ပြိုင်ပွဲ (၃)ရပ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ယှဉ်ပြိုင်ဖူးတဲ့ ဘယ်လင်ဂမ်ဟာ ပေါ်တူဂီကစားသမား စီရော်နယ်ဒိုရဲ့စံချိန်ကို ကျော်ဖြတ်ပြီး အဓိကနိုင်ငံတကာပြိုင်ပွဲကြီး(၃)ခုကို ယှဉ်ပြိုင်ဖူးတဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာပါတယ်။

၁၉၈၅ ဖေဖော်ဝါရီလမှာမွေးဖွားခဲ့တဲ့ စီရော်နယ်ဒိုက ယူရို-၂၀၀၄ ၊ ၂၀၀၆ ကမ္ဘာ့ဖလား၊ ယူရို-၂၀၀၈ ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ခဲ့ပြီးချိန်မှာ အသက်(၂၃)နှစ်(၄)လရှိပြီး အခုအချိန်အထိ (အဓိကနိုင်ငံတကာပြိုင်ပွဲကြီး ၃ ခုကစားချိန်မှာ) အသက်အငယ်ဆုံးစံချိန်တင်ထားတာကို ဘယ်လင်ဂမ်က ကျော်ဖြတ်ခဲ့တာပါ။

ဘယ်လင်ဂမ်အနေနဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲကို စတင်ကစားခဲ့ချိန်က အသက်(၁၇)နှစ်(၃၄၉)ရက်သာ ရှိသေးပြီး အဲဒီတုန်းကလည်း ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပါသေးတယ်။

အသက်(၂၀)ကျော်အရွယ်မှာပဲ ချန်ပီယံလိဂ်၊ လာလီဂါအစရှိတဲ့ ဆုဖလားတွေကိုင်မြှောက်နိုင်ခဲ့ပြီး စံချိန်မှတ်တမ်းကောင်းတွေများစွာရေးထိုးနိုင်ခဲ့တဲ့ ဘယ်လင်ဂမ်အနေနဲ့ အင်္ဂလန်အသင်းနဲ့ အတူ ယူရိုချန်ပီယံဆုကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရယူအောင်ပွဲခံနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *