ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုပွဲစဉ်တွေရဲ့ ပွဲကြိုသုံးသပ်ချက်များ

0

ရိုမေးနီးယား – ယူကရိန်း
(17 June 2024 / 7:30 pm)

ဘယ်လ်ဂျီယံ – ဆလိုဗက်ကီးယား
(17 June 2024 / 10:30 pm)

သြစတြီးယား – ပြင်သစ်
(18 June 2024 / 1:30 pm)

ရိုမေးနီးယား – ယူကရိန်း

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ရိုမေးနီးယားက နောက်ဆုံးခြေစမ်းပွဲ(၄)ပွဲဆက်တိုက် နိုင်ပွဲမရဘူး။ သရေပွဲတွေများခဲ့တယ်။ ရိုမေးနီးယားတိုက်စစ်မှာ တစ်ဖက်အသင်း နောက်ခံလူတွေ ရှိန်ရလောက်တဲ့ နာမည်ကြီး တိုက်စစ်မှူးလည်း မရှိဘူး။

ဒါကြောင့် ဒီအသင်းက အတတ်နိုင်ဆုံး ဂိုးမပေးရအောင် ခံစစ်ကို အားပြုကစားတတ်တယ်။ အသင်းက ဂိုးသွင်းနည်းသလို ဂိုးပေးနည်းအောင်လည်း ကစားတတ်တဲ့အသင်းဖြစ်တယ်။ နောက်ဆုံးကစားခဲ့တဲ့ (၁၀)ပွဲမှာ Clean Sheet (၆)ပွဲတောင် ယူနိုင်ခဲ့ပြီး စုစုပေါင်းမှ (၆)ဂိုးပဲ ပေးခဲ့ရတာကို ကြည့်ရင် ဒီအသင်းကို ဂိုးများများရဖို့ ခက်ခဲမယ်ဆိုတာ တွေ့နိုင်တယ်။

ယူကရိန်းကတော့ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ကစားနေတဲ့ အရည်အသွေးရှိကစားသမားအတော်များများကို ပိုင်ဆိုင်ထားတယ်။ ဇာဘာညီ၊ မူဒရစ်၊ ဇင်ချန်ကို၊ မိုင်ကိုလန်ကို အစရှိတဲ့ ပရီးမီးယားလိဂ်ကစားသမားတွေက အသင်းကို ဦးဆောင်မှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဂိုးသမား လူနင်ကလည်း အကောင်းဆုံးလက်စွမ်းမှာရှိနေတယ်။

ဒါကြောင့် အသင်းကစားသမားစုဖွဲ့မှုနဲ့ ခြေစွမ်းချင်းယှဉ်ရင် ယူကရိန်းကိုအမှတ်ပိုပေးရမှာပါပဲ။ ဒါပေမယ့် ရိုမေးနီးယားရဲ့ကျစ်လစ်မှုကြောင့် ယူကရိန်းဂိုးပြတ်ဖို့တော့ ခက်ခဲလိမ့်မယ်။ ယူကရိန်း(၁-ဝ)လို ရလဒ်ကိုပဲ အကြိုက်တွေ့မိတယ်။

ဘယ်လ်ဂျီယံ – ဆလိုဗက်ကီးယား

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ဟာဇက်အပါအဝင် ရွှေရောင်မျိုးဆက်ကစားသမားများစွာ အနားယူသွားခဲ့တယ်ဆိုပေမယ့် ဘယ်လ်ဂျီယံက ထိပ်တန်းအဆင့်အသင်းတစ်သင်းအဖြစ် ရှိနေတုန်းပါပဲ။ အတွင်းရေးပြဿနာတွေ၊ နည်းပြအပြောင်းအလဲတွေရှိခဲ့ပေမယ့် ဘယ်လ်ဂျီယံအသင်းက ခြေစမ်းပွဲတွေ၊ ခြေစစ်ပွဲတွေမှာတော့ ရလဒ်ကောင်းရအောင် ကစားနိုင်ခဲ့တယ်။

၂၀၂၂ ကမ္ဘာ့ဖလားနောက်ပိုင်း နောက်ဆုံးကစားခဲ့တဲ့ (၁၅)ပွဲဆက်တိုက်မှာ ဘယ်လ်ဂျီယံက ရှုံးပွဲမရှိဘူး။ နောက်ဆုံး(၆)ပွဲမှာ (၅)ပွဲကို Clean Sheet ရအောင် ကစားနိုင်ခဲ့တယ်။ အင်္ဂလန်အသင်းကို အဝေးကွင်းမှာသရေကစားနိုင်ခဲ့တယ်။

ဆလိုဗက်ကီးယားအသင်းကတော့ ဒီအုပ်စုမှာ အားအနည်းဆုံးအသင်းဖြစ်ပြီး ဘယ်လ်ဂျီယံ။ ယူကရိန်းတို့ကို ကျော်ပြီး နောက်တစ်ဆင့်တက်ဖို့ကတော့ ခက်ခက်ခဲခဲရုန်းရမယ်။ ဝါရင့်နောက်ခံလူ ရှက်ကရီညာ ဦးဆောင်တဲ့နောက်တန်းနဲ့ နယူးကာဆယ်ဂိုးသမား ဒူဘရေကာရှိနေတဲ့ ခံစစ်က ဆလိုဗက်ကီးယားအတွက် အသက်ဖြစ်ပြီး သာမန်အသင်းတွေကိုတော့ ဂိုးမပေးရအောင် ကစားနိုင်တာများတယ်။

ဒါပေမယ့် အသင်းကြီးတွေနဲ့ဆိုရင် ဆလိုဗက်ကီးယားက သိပ်ခံနိုင်ရည်မရှိဘူး။ ဒီပွဲမှာလည်း ဘယ်လ်ဂျီယံကို သရေခံကစားနိုင်ဖို့ သိပ်တော့မလွယ်လှဘူး။ လူကာကူ၊ ထရော့ဆာဒ်၊ ဒီဘရိုင်းနား၊ ဒိုကူအစရှိတဲ့ ကစားသမားတွေရဲ့တိုက်စစ်ကို တစ်ပွဲလုံးထိန်းထားဖို့တော့ ဆလိုဗက်ကီးယား တောင့်ခံနိုင်မှာမဟုတ်ဘူး။ ဘယ်လ်ဂျီယံ(၂-၁)လို ရလဒ်မျိုးနဲ့ အနိုင်ရဖို့များတဲ့ ပွဲလို့ပဲ သုံးသပ်ကြည့်မိတယ်။

သြစတြီးယား – ပြင်သစ်

(ယူရို-၂၀၂၄ အုပ်စုပွဲ)

သြစတြီးယားက နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ အစဉ်အလာရှိတဲ့အသင်းမဟုတ်ဘူးဆိုပေမယ့် ဒီနောက်ပိုင်းနှစ်တွေမှာတော့ သူတို့ကို လျှော့တွက်လို့မရတော့ဘူး။ ရန်းနစ်ကိုင်တွယ်ပြီးနောက် အသင်းက တိုးတက်မှုအတော်ရှိလာတယ်။ ဒီတစ်နှစ်အတွင်း ခြေစမ်းပွဲတွေမှာ ဂျာမနီကို (၂-ဝ)နဲ့နိုင်တယ်။ တူရကီကို (၆-၁)နဲ့နိုင်တယ်။ မကြာသေးခင်က ခြေစမ်းပွဲမှာ ဆားဘီးယားကို (၂-၁)နဲ့နိုင်တယ်။ ယူရိုပြိုင်ပွဲမဝင်ခင် သူတို့ရဲ့ခြေစွမ်းနဲ့ ရလဒ်တွေက လေးစားစရာပဲ။ ဒါတောင် အသင်းခေါင်းဆောင် အဓိကနောက်ခံလူ အလာဘာကို ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရလို့ဖြစ်တယ်။ ဒီပြိုင်ပွဲမှာ ဒေါ့မွန်ကွင်းလယ်လူဆာဗစ်ဇာက သြစတြီးယားကို ဦးဆောင်လိမ့်မယ်။

ပြင်သစ်ကတော့ ပြိုင်ပွဲမတိုင်ခင် အသင်းရဲ့ရလဒ်တွေ ယိမ်းယိုင်ခဲ့တယ်ဆိုပေမယ့် ဒီအသင်းက ဘယ်လိုအနေအထားမှာဖြစ်ဖြစ်တောင့်တင်းခိုင်မာတဲ့အသင်းကောင်းတစ်သင်းအဖြစ် ရှိနေဆဲပါပဲ။ ဘာပေ၊ ဂရီးဇ်မန်း၊ သူရမ်၊ ဒမ်ဘီလီ အစရှိတဲ့ အရည်အသွေးမြင့်တိုက်စစ်မှူးတွေ၊ ကွန်တေ၊ ဇိုင်ယာအမ်မရီ၊ ရာဘီယူ၊ ချူအာမန်နီ၊ ကာမာဗင်ဂါအစရှိတဲ့ ကွင်းလယ်ကစားသမားကောင်းတွေ၊ ဆာလီဘာ၊ ခွန်ဒဲလ်၊ သီယိုဟာနန်ဒက်စ်၊ မန်ဒီ၊ ပါဗာ အစရှိတဲ့ ထိပ်တန်းနောက်ခံလူတွေကို ပိုင်ဆိုင်ထားတဲ့ ဒီအသင်းက ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ဒုတိယရေပန်းအစားဆုံးဖြစ်နေတာ မထူးဆန်းဘူးလို့ ပြောရမယ်။

ဒီတော့ ဒီပွဲက ခြေစွမ်းချင်းယှဉ်ရင် ကွာခြားလွန်းတာကြောင့် ပြင်သစ်နိုင်မှာ သေချာတဲ့ပွဲပါပဲ။။ ဂိုးပြတ်မလား၊ မပြတ်ဘူးလားဆိုတာပဲ စဉ်းစားရမှာဖြစ်ပြီး ရန်းနစ်လက်ထက် တည်ငြိမ်မှုရှိလာတဲ့ သြစတြီးယားကစားပုံကြောင့် ဒီပွဲမှာ ပြင်သစ် ဂိုးအများကြီးပြတ်ဖို့ ခက်လိမ့်မယ်လို့ပဲ သုံးသပ်မိတယ်။ ပြင်သစ်အနိုင်(၂-၁)လောက်ပဲ ထင်မိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *