ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုပွဲများအတွက် ပွဲကြိုသုံးသပ်ချက်များ

0

တူရကီ – ဂျော်ဂျီယာ
(18 June 2024 / 10:30 pm)

ပေါ်တူဂီ – ချက်
(19 June 2024 / 1:30 am)

(ယူရို-၂၀၂၄ အုပ်စုပွဲ)

တူရကီ – ဂျော်ဂျီယာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ခရိုအေးရှား၊ ဂျာမနီအသင်းတို့ကို အဝေးကွင်းတွေမှာ အနိုင်ကစားနိုင်ခဲ့တဲ့ တူရကီအသင်းက နောက်ဆုံး(၅)ပွဲမှာ နိုင်ပွဲပျောက်ပြီး ဟန်ဂေရီ၊ သြစတြီးယား၊ ပိုလန်တို့ကို ရှုံးထားတယ်။ အသင်းကို စကိုင်ကိုင်ချင်း ရလဒ်ကောင်းတွေယူပေးနိုင်လို့ လူတွေအထင်ကြီးခဲ့တဲ့ အီတလီနာမည်ကျော်နည်းပြမွန်တဲလားလည်း ယူရိုပြိုင်ပွဲဝင်ခါနီးမှ သံသယနဲ့ စောင့်ကြည့်ခံနေရတယ်။ ဂူလာ၊ ယီလ်ဒစ်၊ ယီမက်ဇ် အစရှိတဲ့ လူငယ်တိုက်စစ်ကစားသမားတွေနဲ့ ရှေ့တန်းကို ခင်းကျင်းထားတဲ့ တူရကီအသင်းအနေနဲ့ ဒီနောက်ပိုင်းပွဲတွေမှာ ဂိုးရဖို့ အတိုင်းအတာတစ်ရပ်တော့ ပြဿနာရှိနေတာအမှန်ပဲ။

ဂျော်ဂျီယာအသင်းကတော့ သူတို့ရဲ့သမိုင်းကြောင်းမှာ ပထမဆုံးအဓိကနိုင်ငံတကာပြိုင်ပွဲတစ်ခုကို ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်တယ်။ ပြင်သစ်နောက်ခံလူဟောင်း ဝီလီဆစ်ညော ကိုင်တွယ်နေတဲ့ဂျော်ဂျီယာအသင်းက အသင်းကြီးတွေနဲ့တွေ့ရင်သာ အရှုံးပေးရလေ့ရှိပေမယ့် သာမန်အသင်းတွေနဲ့တွေ့ရင်တော့ ရလဒ်ကောင်းရအောင် ကစားနိုင်တာတွေ့ရတယ်။ နောက်ဆုံး(၃)ပွဲမှာလည်း လူဇင်ဘတ်၊ ဂရိ၊ မွန်တီနီဂရိုးတို့ကို အနိုင်ကစားထားတယ်။ လက်ရှိအနေအထားအရတော့ ဂျော်ဂျီယာက တူရကီအသင်းထက် In Form ဖြစ်နေတယ်လို့ ဆိုရမယ်။

ဒါပေမယ့် နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံများတဲ့ တူရကီနဲ့ယှဉ်ရင် ဂျော်ဂျီယာက နည်းနည်းနိမ့်ပါတယ်။ ဒီယူရိုပြိုင်ပွဲဝင်အသင်းတွေထဲမှာလည်း ဂျော်ဂျီယာက ကမ္ဘာ့အဆင့်အနိမ့်ဆုံး(အဆင့် ၇၅)အသင်းဖြစ်တယ်။

ဒီပွဲက တူရကီ ပုံစံကောင်းပြန်ရမရ စိတ်မချရတာနဲ့ ဂျော်ဂျီယာ အားထုတ်မှုကောင်းတာ ညီမျှခြင်းချလိုက်ရင် သရေကျဖို့ များတယ်လို့ ဆိုရမယ်။ (ဝ-၀)(၁-၁)လို ရလဒ်မျိုးတွေ့ရမယ်ထင်တယ်။

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ပေါ်တူဂီ – ချက်

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ကစားခဲ့တဲ့ပွဲတိုင်းကို သရေမရှိ၊ အရှုံးမရှိ ပွဲအားလုံးအနိုင်ကစားခဲ့တဲ့ ပေါ်တူဂီအသင်းက ဒီနှစ်ထဲရောက်မှ စိန်တစ်ရစ်၊ မြတစ်ရစ်ဆိုသလို တစ်ပွဲနိုင်လိုက်၊ တစ်ပွဲရှုံးလိုက် ဖြစ်နေတယ်။ ဒါပေမယ့် ပေါ်တူဂီအသင်းက စာရွက်ပေါ်က လူစာရင်းနဲ့တင် ပြိုင်ဘက်အသင်းက သေလိုက်လို့ရတယ်။

စီရော်နယ်ဒိုဦးဆောင်နေဆဲ အသင်းမှာ ဘရူနိုဖာနန်ဒက်စ်၊ ဘာနာဒိုဆေးလ်ဗား၊ ဒီယက်စ်၊ ပေပေ၊ ကန်ဆယ်လို လို အတွေ့အကြုံရင့်ကစားသမားတွေ၊ ရာဖယ်လီယို၊ ဗီတင်ညာ၊ ဂွန်ဆာလိုရာမို့စ်တို့လို ခြေစွမ်းအကောင်းဆုံးအချိန်ကို ရောက်နေတဲ့ ကစားသမားတွေရှိနေတာကြောင့် အသင်းက အတော်ကို ကြောက်စရာကောင်းတဲ့အသင်းအဖြစ် ရှိနေတာဖြစ်တယ်။ ယူရို၂၀၂၄ ခြေစစ်ပွဲမှာလည်း ပွဲအားလုံးကို အနိုင်ကစားနိုင်ခဲ့တယ်။

ချက်အသင်းကတော့ လတ်တလောမှာ ရလဒ်ကောင်းတွေရခဲ့တယ်ဆိုပေမယ့် များသောအားဖြင့် မော်လ်ဒိုဗာ၊ အာမေးနီးယား၊ မော်လ်တာ၊ မက်ဆီဒိုးနီးယားတို့လို ခြေစွမ်းနိမ့်ပြီး အားနည်းတဲ့အသင်းတွေကို အနိုင်ရခဲ့တာကို သတိပြုရမယ်။ လေဗာကူဆင်အတွက် အရေးပါတဲ့ဂိုးတွေသွင်းပေးခဲ့တဲ့ ပက်ထရစ်ရှစ်၊ အသင်းခေါင်းဆောင် ဝက်စ်ဟမ်းကွင်းလယ်လူ ရှှုရှက်ခ်တို့လိုကစားသမားတွေကလွဲလို ချက်ကစားသမားအများစုက Average Player တွေများတယ်လို့ ပြောရမယ်။ ဥရောပအသင်းကြီးတွေအတွက်တော့ ချက်က အရင်လို ဒုက္ခပေးနိုင်တဲ့အသင်းမဖြစ်တာ အတော်ကြာခဲ့ပါပြီ။

ရှေ့လယ် နောက် ကစားသမားကောင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ ပေါ်တူဂီကို ချက်အသင်း အံအားသင့်အောင်လုပ်နိုင်တဲ့အနေအထားမရှိပါဘူး။ ပေါ်တူဂီဘက်က ယုံယုံကြည်ကြည်နေလို့ရမယ့်ပွဲမျိုးပါပဲ။ ပေါ်တူဂီ(၃-၁)လို ရလဒ်မျိုးတွေ့ရမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *