ယူရို-၂၀၀၄ က စီရော်နယ်ဒိုအပြီး ယူရိုပြိုင်ပွဲမှာ ဂိုးသွင်းတဲ့ ပထမဆုံးဆယ်ကျော်သက် ကစားသမား ဂူလာ

0

မနေ့က ကစားခဲ့တဲ့ ယူရို(၂၀၂၄)ပြိုင်ပွဲ အုပ်စု(F)အဖွင့်ပွဲစဉ် တူရကီ(၃-၁)ဂျော်ဂျီယာပွဲမှာ တူရကီအသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို တူရကီလူငယ်ကစားသမား အာဒါဂူလာက ပယ်နယ်တီစည်းအပြင်ကနေ လှပတဲ့ကန်ချက်နဲ့ သွင်းယူနိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမား ဂူလာအနေနဲ့ တူရကီလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲ(၈)ပွဲမြောက်ကစားရာမှာ ဒုတိယဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီဂိုးသွင်းယူနိုင်တာကြောင့် ဂူလာအနေနဲ့ ယူရို(၂၀၀၄)ပြိုင်ပွဲက ပေါ်တူဂီတောင်ပံကစားသမားစီရော်နယ်ဒိုအပြီး နှစ်(၂၀)အတွင်း ယူရိုပြိုင်ပွဲမှာ ဂိုးသွင်းတဲ့ ပထမဆုံးဆယ်ကျော်သက်ကစားသမား(အသက် ၂၀ နှစ်အောက်)အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ယူရို(၂၀၀၄)ပြိုင်ပွဲမှာ အုပ်စုအဖွင့်ပွဲစဉ် ပေါ်တူဂီ(၁-၂)ဂရိပွဲမှာ စီရော်နယ်ဒို ဂိုးသွင်းယူခဲ့စဉ်က အသက်(၁၉)နှစ်(၄)လ(၇)ရက်သာ ရှိသေးပြီး အခုဂူလာက ဂျော်ဂျီယာဘက်ကို ဂိုးသွင်းချိန်မှာ အသက်(၁၉)နှစ်(၃)လ(၂၄)ရက်သာ ရှိသေးတာပါ။

တူရကီအသင်းဟာ ဂျော်ဂျီယာနဲ့ပွဲမှာ ဆယ်ကျော်သက်နှစ်ယောက်ဖြစ်တဲ့ ဂူလာနဲ့ ယီလ်ဒစ်ဇ်တို့ကို ပွဲထွက်ကစားစေခဲ့ပြီး ၁၉၆၄ ခုနှစ်က ဟန်ဂေရီအသင်းနောက်ပိုင်း ဆယ်ကျော်သက်ကစားသမားနှစ်ယောက်ကို ပွဲထွက်ကစားစေတဲ့ ပထမဆုံးအသင်းအဖြစ်လည်း စံချိန်မှတ်တမ်းတင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီက ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားခွင့်ရတဲ့ပွဲတွေမှာ ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူပေးခဲ့တဲ့ဂူလာဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း ထွန်းတောက်လာမယ့် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ရှေ့လာမယ့်ပွဲစဉ်တွေမှာ ဘယ်လောက်အထိ ခြေစွမ်းပြနိုင်ဦးမလဲ စောင့်ကြည့်ရမယ့် ကစားသမားတစ်ဦးဖြစ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *