ယူရိုပြိုင်ပွဲမှာ တစ်ပွဲတည်းဂိုး(၂)ဂိုးကို VAR နဲ့ပယ်ချခံခဲ့ရတဲ့ လူကာကူ

0

ယူရို ၂၀၂၄ အုပ်စုပွဲ ဘယ်လ်ဂျီယံ(ဝ-၁)ဆလိုဗက်ကီးယားပွဲမှာ ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူဟာ အသင်းအတွက် ဂိုး(၂)ဂိုးသွင်းခဲ့ပေမယ့် ဒီ(၂)ဂိုးစလုံးကို VAR က ပြန်လည် သုံးသပ်ကြည့်ရှုပြီးနောက် ပယ်ချခဲ့ပါတယ်။

ဒါကြောင့် လူကာကူဟာ ယူရိုပြိုင်ပွဲသမိုင်းမှာ ပွဲတစ်ပွဲအတွင်း ဂိုး(၂)ဂိုးသွင်းနိုင်ပေမယ့် (၂)ဂိုးစလုံးကို VAR က ပယ်ချခြင်းခံရတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပွဲချိန်(၇)မိနစ်မှာကတည်းက ဆလိုဗက်ကီးယားအသင်းက ဦးဆောင်ဂိုးသွင်းခဲ့ပြီး ဒီဂိုးကို ချေပဖို့ ဘယ်လ်ဂျီယံကစားသမားတွေက အကြိမ်ကြိမ်ကြိုးပမ်းခဲ့ကြတာပါ။

ဒုတိယပိုင်းပွဲချိန် (၅၆)မိနစ်မှာ လူကာကူက ဘယ်လ်ဂျီယံအသင်းအတွက် ချေပဂိုးကို အနီးကပ်ကန်သွင်းခဲ့ပေမယ့် လူကျွံနေတယ်လို့ VAR က အကြံပြုပြီးနောက် ဒိုင်လူကြီးက ဒီဂိုးကို ပယ်ချခဲ့ပါတယ်။

ပွဲချိန်(၈၆)မိနစ်မှာ လူကာကူက နောက်တစ်ကြိမ်ထပ်သွင်းတော့လည်း ဒီဂိုးကို မသွင်းခင် ဘယ်လ်ဂျီယံတိုက်စစ်မှူးအိုပန်ဒါ ဘောလုံးကို လက်နဲ့ထိတယ်ဆိုပြီး VAR က အကြံပြုကာ ဒီသွင်းဂိုးကို ထပ်မံပယ်ချခဲ့တာပါ။

ဒါကြောင့် လူကာကူရဲ့ဂိုးကံဆိုးခြင်းနဲ့အတူ ဘယ်လ်ဂျီယံအသင်းလည်း ဒီပွဲမှာ ဂိုးမရခဲ့ဘဲ ယူရို ၂၀၂၄ ပွဲဦးထွက်ကို အရှုံးနဲ့တာထွက်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *