ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်များ

0

ခရိုအေးရှား – အယ်လ်ဘေးနီးယား
(19 June 2024 / 7:30 pm)

ဂျာမနီ – ဟန်ဂေရီ
(19 June 2024 / 10:30 pm)

စကော့တလန် – ဆွစ်ဇာလန်
(20 June 2024 / 1:30 am)

ခရိုအေးရှား – အယ်လ်ဘေးနီးယား

(ယူရို-၂၀၂၄ အုပ်စုပွဲ)

Group of Death ထဲက အသင်းနှစ်သင်းအနေနဲ့ ပွဲဦးထွက်မှာ ကိုယ်စီရှုံးထားတော့ ဒီပွဲက ရှင်သန်ခွင့်အတွက် အရေးပါတဲ့တိုက်ပွဲဖြစ်လာတယ်။ ရှုံးတဲ့သူက အုပ်စုပြုတ်ဖို့ သေချာသလောက်ဖြစ်သွားမယ်။

ခရိုအေးရှားက စပိန်ကို ပွဲဦးမှာ ကောင်းကောင်းခံမကစားနိုင်ဘဲ ပထမပိုင်းကတည်းက (၃)ဂိုးပြတ်အရေးနိမ့်ခဲ့တယ်။ မိုဒရစ်၊ ပါရီဆစ်၊ ကိုဗာချစ်၊ ဘရိုဇိုဗစ်အစရှိတဲ့ ခရိုအေးရှားရွှေရောင်မျိုးဆက်ရဲ့တောက်ပမှုအဆုံးသတ်ချိန်နီးလာပြီဆိုပေမယ့် ဒီအသင်းက တကယ်ကစားမယ်ဆိုရင် မာဂုဏ်ကျန်ပါသေးတယ်။

နည်းပြဒါလစ်အနေနဲ့ ဒီပွဲမှာ တိုက်စစ်ကို အပြောင်းအလဲလုပ်ပြီး ပါရီဆစ်၊ ပက်ကိုဗစ်တို့ကို ပွဲထွက်ပြန်သုံးနိုင်တယ်။ နိုင်ပွဲအတွက် တိုက်စစ်ကိုအသားပေးကစားပြီး ဖောင်ဖျက်တိုက်မယ့် ခရိုအေးရှားကို တွေ့ရနိုင်တယ်။

အယ်လ်ဘေးနီးယားက ဒီယူရိုမှာ အမြန်ဆုံးဂိုးစံချိန်တင်တာကလွဲပြီး ကျန်တာတော့ သိပ်မျှော်လင့်နိုင်မယ်မထင်ဘူး။ ကစားအားကောင်းပေမယ့် တိုက်စစ်အတွက် ဂိုးအခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တဲ့ကြံရည်ဖန်ရည်ကောင်းတဲ့ကစားသမားမရှိဘူး။ ဒါကြောင့် ဒီအသင်းရဲ့တိုက်စစ်ကစားပုံက နည်းနည်းဗရမ်းပတာနိုင်သလို ဖြစ်နေတယ်။

ပြိုင်ပွဲကြီးတွေမှာ နောက်ပိုင်းအဆင့်တွေထိရောက်အောင် ခြေစွမ်းပြကစားခဲ့တဲ့အတွေ့အကြုံကောင်းတွေရှိတဲ့ ခရိုအေးရှား ဒီပွဲမှာတော့ ပြန်လာနိုင်ပါလိမ့်မယ်။ ခရိုအေးရှားအနိုင် (၂-ဝ)(၂-၁)လို ရလဒ်တွေကို တွေ့ရမယ်ထင်တယ်။

ဂျာမနီ – ဟန်ဂေရီ

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ပွဲဦးမှာ စကော့တလန်ကို (၅)ဂိုးသွင်းပြီး အနိုင်ယူခဲ့တဲ့ ဂျာမနီက ဒီပြိုင်ပွဲရဲ့ဗိုလ်စွဲနိုင်တဲ့အသင်းကြီးတွေထဲမှာ ခြေစွမ်းပိုင်း အားအရဆုံးအသင်းဖြစ်နေတယ်။ အီတလီ၊ အင်္ဂလန်၊ ပြင်သစ်၊ ပေါ်တူဂီတို့ နိုင်ပွဲရပေမယ့် ခြေစွမ်းပိုင်း လျော့တိလျော့ရဲဖြစ်နေချိန်မှာ ဂျာမနီကတော့ တိုနီကရူးစ်၊ ဂွန်ဒိုဂန်၊ ရူဒီဂါ၊ ကင်မစ်ချ်တို့လို အတွေ့အကြုံရင့်ကစားသမားတွေ၊ မူဆီယာလာ၊ ဗစ်ဇ်တို့လို ခြေတက်နေတဲ့ ကစားသမားတွေနဲ့ အသင်းကမြိုင်ဆိုင်နေတဲ့အပြင် အရန်အင်အားကလည်း တောင့်တင်းနေသေးတယ်။

ဟန်ဂေရီက ပွဲဦးမှာ ဆွစ်ဇာလန်အသင်းကိုတောင် တောင့်မခံနိုင်ဘဲ (၃-၁)ဂိုးနဲ့ ရှုံးခဲ့ရတယ်။ ဒီအသင်းကို အသင်းခေါင်းဆောင်ဆိုဘို့ဆလိုင်းတစ်ယောက်ထဲနဲ့တော့ ဆွဲတင်ဖို့မလွယ်ဘူး။ ဟန်ဂေရီနည်းပြမာကိုရော့စီအနေနဲ့ ဒီပြိုင်ပွဲမတိုင်ခင်ကတည်းက အားနည်းနေတဲ့ နောက်တန်းကို မာကျောအောင်မလုပ်နိုင်ခဲ့ဘူး။ ဂိုးရဖို့ ဘယ်လောက်ကြိုးစားကြိုးစား နောက်တန်းမလုံတာက ဒီအသင်းရဲ့အားနည်းချက်ဖြစ်နေတယ်။ ဂိုးဆာလောင်နေပြီဖြစ်တဲ့ ဂျာမနီကို ဟန်ဂေရီထိန်းနိုင်မှာမဟုတ်ပါဘူး။

ဂျာမနီအနည်းဆုံး(၂)ဂိုးပြတ်အနိုင်ယူပြီး နောက်တစ်ဆင့်လက်မှတ်ကို စောစောစီးစီးအရယူဖို့ ကြိုးစားလိမ့်မယ်။ ဂျာမနီ(၃-၁)(၃-ဝ)လို ရလဒ်မျိုးတွေ့မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

စကော့တလန် – ဆွစ်ဇာလန်

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ပွဲဦးမှာ ဂျာမနီကို ဂိုးပြတ်အရေးနိမ့်ခဲ့ရတာကြောင့် စကော့တလန်အသင်းနည်းပြစတိဗ်ကလက်ခ်အနေနဲ့ ကစားသမားအတော်များများအပြောင်းအလဲလုပ်ကစားနိုင်တယ်။ ဂျာမနီနဲ့ပွဲတုန်းက အထောင်တိုက်စစ်ကစားခဲ့ရတဲ့ ချီအဒမ်အစား ရှန့်လန်းကို ပွဲထွက်သုံးပြီး တိုက်စစ်ကိုပိုတင်ကစားနိုင်တယ်။ ဂျာမန်နဲ့ပွဲတုန်းကလို 5-4-1 ပုံစံထက် တောင်ပံတိုက်စစ်တွေပါ အရှိန်မြှင့်တဲ့ 3-4-2-1 ပုံစံလည်း တွေ့ရနိုင်တယ်။ ဒါပေမယ့် စကော့တလန်မှာက ပုံမှန်အားထားရတဲ့၊ ဂိုးအတွက် အာမခံချက်ရှိတဲ့ တိုက်စစ်မှူးကောင်းကောင်းမရှိတာ ပြဿနာပဲ။

ဆွစ်ဇာလန်ကတော့ တိုက်စစ်၊ ခံစစ်ကောင်းတဲ့အသင်းဆိုတာ ဟန်ဂေရီနဲ့ ပွဲမှာ ပြနိုင်ခဲ့တယ်။ အကန်ဂျီ၊ ဖေဘီယန်ရှားတို့ရှိနေတဲ့ ခံစစ်နဲ့ ဝါရင့်ဂိုးသမားဆွန်းမားက ဂိုးပေါက်ကို ကောင်းကောင်းစောင့်ရှောက်နိုင်သလို ရှာကာ၊ အမ်ဒူနီ၊ ဗာဂတ်စ်အစရှိတဲ့ ကစားသမားတွေရဲ့ကွင်းလယ်တိုက်စစ်ကလည်း မာမာကြောကြောရှိတယ်။

ဒီအသင်းက အလယ်အလတ်တန်းအသင်းတွေထဲမှာတော့ ခေါင်းတစ်လုံးမြင့်တယ်ဆိုရမယ်။ ဒါကြောင့် ဒီပွဲမှာ ဆွစ်ဇာလန်ကိုပဲ ယုံကြည်ရမယ်။ ဆွစ်ဇာလန်အနိုင် (၂-ဝ)(၂-၁)လို ရလဒ်မျိုးကို အကြိုက်တွေ့မိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *