ချက်ကိုပေါ်တူဂီ ခက်ခက်ခဲခဲအနိုင်ယူခဲ့ရပြီး ပွဲကောင်းတစ်ကောင်းဖြစ်ခဲ့တဲ့ တူရကီ-ဂျော်ဂျီယာပွဲ

0

တူရကီ(၃-၁)ဂျော်ဂျီယာ
ပေါ်တူဂီ(၂-၁)ချက်
(ယူရို ၂၀၂၄ အုပ်စုအဆင့်)

ယူရိုပြိုင်ပွဲကို စံချိန်တင်(၆)ကြိမ်မြောက်ကစားတဲ့ စီရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းက ချက်အသင်းကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တယ်ဆိုပေမယ့် အတော်လေး ရုန်းကန်လိုက်ရတယ်။

ချက်အသင်းနောက်တန်းနဲ့ ဂိုးသမား အကွက်စေ့လွန်းတာကြောင့် ပေါ်တူဂီအသင်းရဲ့ကန်ချက်အတော်များများအချည်းနှီးဖြစ်ခဲ့ရပြီး ဂိုးပေါက်လွဲချော်တာတွေများခဲ့သလို ဂိုးပေါက်တည့်တဲ့ကန်ချက်တွေကိုလည်း ချက်နောက်ခံလူတွေနဲ့ ချက်ဂိုးသမားစတာနက်ခ်က ကာကွယ်နိုင်ခဲ့တယ်။

ပထမပိုင်းမှာ ပေါ်တူဂီအသင်း ကန်ချက်(၁ဝ)ကြိမ်လောက်အထိ ကန်ခဲ့ပေမယ့် အရာမထင်ခဲ့ (၂)ကြိမ်လောက်ပဲ ဂိုးပေါက်တည့်ခဲ့တယ်။

ဒုတိယပိုင်းမှာလည်း ပေါ်တူဂီအသင်း တရစပ်တိုက်စစ်ဆင်နေပေမယ့် ဂိုးစရသွားတာက ချက်အသင်းဖြစ်နေတယ်။ ပွဲချိန်(၆၂)မိနစ်မှာ ပရိုဗော့က အဝေးကနေ လှမ်းကန်ခဲ့ပြီး ပေါ်တူဂီကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် နောက်ထပ်(၇)မိနစ်လောက်မှာပဲ ချက်ဂိုးသမားပုတ်ထုတ်တဲ့ဘောလုံးက နောက်ခံလူဟရာနက်နဲ့ထိပြီး Own Goal ဖြစ်သွားလို့ ပေါ်တူဂီချေပဂိုးရခဲ့တယ်။

လူကျွံဘောကြောင့် (VAR ရဲ့ သုံးသပ်စစ်ဆေးမှုနဲ့အတူ) ပေါ်တူဂီရဲ့သွင်းဂိုးတစ်ဂိုး ပယ်ဖျက်ခံခဲ့ရပြီး (၁-၁)ဂိုးနဲ့ ပွဲပြီးတော့မယ့်အနေအထားဖြစ်ခဲ့တယ်။

ပွဲချိန်(၉၀+၂)မိနစ်မှ လူငယ်တိုက်စစ်မှူးကွန်ဆီကာအို အနီးကပ်ပိတ်သွင်းနိုင်ခဲ့လို့ ပေါ်တူဂီအသင်းကျောက်ခဲရေပေါ်ဖြစ်ပြီး ယူရို-၂၀၂၄ ကို နိုင်ပွဲနဲ့ စတင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီမှာ ကစားသမားကောင်းတွေများစွာရှိပေမယ့် တိုက်စစ်ကစားပုံက အနည်းငယ်ဗရမ်းပတာနိုင်နေပြီး ချန်ပီယံဖြစ်ချင်ရင်တော့ ဒီထက်ပိုကောင်းမွန်တဲ့ ကစားပုံမျိုးလိုအပ်နေတာတော့ အမှန်ပဲ။

ဒီပွဲမတိုင်ခင်ကစားခဲ့တဲ့ တူရကီ – ဂျော်ဂျီယာပွဲက နောက်ဆုံးအချိန်အထိ နှစ်သင်းစလုံးရဲ့ကျားကုတ်ကျားခဲကစားပုံကြောင့် အတော်လေးကြည့်ကောင်းခဲ့တယ်။

လူငယ်ကစားသမား ဂူလာ အဝေးကနေ လှပသေသပ်စွာသွင်းယူခဲ့တဲ့ တူရကီအသင်းအနိုင်ဂိုး (၆၅-မိနစ်)

တူရကီက (၃-၁)နဲ့နိုင်ခဲ့တယ်ဆိုပေမယ့် ပွဲချိန်အတွင်း ဘာမဆိုဖြစ်သွားနိုင်တယ်လို့ ဆိုရလောက်အောင် ဂျော်ဂျီယာအသင်းက အတော်လေး ပြန်ခြိမ်းခြောက်နိုင်ခဲ့တယ်။ ဂျော်ဂျီယာအသင်းအနေနဲ့ ဒီယူရိုပြိုင်ပွဲဝင်အသင်းတွေထဲမှာ ကမ္ဘာ့အဆင့်အနိမ့်ဆုံးအသင်း(အဆင့် ၇၅)ဖြစ်ပေမယ့် ပရိသတ်တွေစွဲမက်ဖွယ်ဖြစ်အောင် ကောင်းကောင်းကြိုးစားကစားနိုင်ခဲ့တယ်။ ဂိုးကံခေမှုကြောင့်သာ (၁)ဂိုးတည်းနဲ့ ကျေနပ်ခဲ့ရတာဖြစ်တယ်။

တူရကီအတွက် ရီးရဲလ်လူငယ်ကစားသမား ဂူလာ (၆၅)မိနစ်မှာသွင်းခဲ့တဲ့ အနိုင်ဂိုးကတော့ အတော်လှပပြီး အဆင့်မြင့်တဲ့ဂိုးဖြစ်ခဲ့တယ်။

တူရကီရဲ့နောက်ဆုံးပွဲသိမ်းဂိုးက ဂျော်ဂျီယာဂိုးသမား ရှေ့တက်ဂိုးသွင်းဖို့ ကြိုးစားနေချိန် ပွဲချိန်(၉၀+၇)မိနစ်မှာ ကောင်တာပြန်မိပြီး တူရကီတိုက်စစ်မှူးအက်တာကိုဂလူးက ဘယ်သူမှမရှိတဲ့ ဂိုးပေါက်ထဲကို ဆွဲပြေးကန်သွင်းခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *