ဟန်ဂေရီကို အနိုင်ယူပြီး နောက်တစ်ဆင့်ကို အ​စောဆုံးတက်နိုင်ခဲ့တဲ့ အိမ်ရှင်ဂျာမနီအသင်း

0

ဂျာမနီ(၂-ဝ)ဟန်ဂေရီ
ခရိုအေးရှား(၂-၂)အယ်ဘေးနီးယား
စကော့တလန်(၁-၁)ဆွစ်ဇာလန်
(ယူရို ၂၀၂၄ အုပ်စုပွဲများ)

အိမ်ရှင်ဂျာမနီအသင်းက (၂)ပွဲကစား(၂)ပွဲနိုင် ရမှတ်(၆)မှတ်နဲ့ Round of 16 ကို အစောဆုံးတက်တဲ့အသင်းဖြစ်လာတယ်။ ဟန်ဂေရီနဲ့ပွဲမှာ (၂-ဝ)ဂိုးနဲ့ နိုင်ခဲ့တယ်ဆိုပေမယ့် ဂျာမနီအသင်းအနေနဲ့ လီဗာပူးလ်ကွင်းလယ်လူ ဆိုဘို့ဆလိုင်းဦးဆောင်တဲ့ ဟန်ဂေရီအသင်းရဲ့ခြိမ်းခြောက်မှုတွေကိုတော့ အတော်ခံလိုက်ရတယ်။

အသင်းခေါင်းဆောင် ဂွန်ဒိုဂန်ရဲ့အကွက်မြင်မှုတွေ၊ ညှစ်အားတွေက ဂျာမနီအသင်းအတွက် များစွာအထောက်အပံ့ဖြစ်ခဲ့ပြီး (၂)ပွဲဆက်နိုင်ပွဲကို ရရှိစေခဲ့တာဖြစ်ပါတယ်။

ပွဲချိန်(၂၂)မိနစ်မှာ မူဆီယာလာသွင်းခဲ့တဲ့ ဦးဆောင်ဂိုးက ဟန်ဂေရီနောက်တန်းကစားသမားတွေနဲ့ ဂိုးသမားဆီက ဘောလုံးကို မရမကအတင်းကြိုးစားပမ်းစားရယူခဲ့တဲ့ ဂွန်ဒိုဂန်ကြောင့် ရခဲ့တာဖြစ်ပါတယ်။

ဂျာမနီတိုက်စစ်က ဟန်ဂေရီနောက်တန်းကို အကြိမ်ကြိမ်တိုက်စစ်ဆင်ထိုးဖောက်နိုင်ခဲ့သလို ဟန်ဂေရီကလည်း ဂိုးရလုရခင် အခြေအနေတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဆိုဘို့ဆလိုင်း လှလှပပကန်သွင်းခဲ့တဲ့ ဖရီးကစ်ဘောလုံးကို ပုတ်ထုတ်ကာကွယ်ခဲ့တာအပါအဝင် ဟန်ဂေရီအသင်းဂိုးရနိုင်တဲ့ အခွင့်အရေးတွေကို ဂျာမန်ဂိုးသမားနော်ယာက တားဆီးနိုင်ခဲ့ပါတယ်။

ဂျာမနီရဲ့ဒုတိယဂိုးကတော့ မူဆီယာလာရဲ့ဘောလုံးဦးနှောက်ကောင်းကောင်းနဲ့ ခင်းကျင်းမှု၊ မစ်တယ်စတက်ဒ်ရဲ့တိကျတဲ့ပေးပို့မှုကနေ နေရာယူတတ်တဲ့ ဂွန်ဒိုဂန်က ဂိုးရှေ့ကနေ ပိတ်သွင်းခဲ့တာပါ။

ဒီပွဲမှာ ဂွန်ဒိုဂန်က တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးခဲ့တာအပြင် ဟန်ဂေရီအသင်းအပိုင်သွင်းတဲ့ဂိုးတစ်ဂိုးကိုလည်း ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်ခဲ့ပါတယ်။

ဟန်ဂေရီက (၂)ပွဲလုံးရှုံးပြီး အသက်ငွေ့ငွေ့လေးသာကျန်တော့တယ်လို့ဆိုရမှာပါ။

စကော့တလန် -ဆွစ်ဇာလန်ပွဲမှာတော့ (၁-၁)ဂိုးနဲ့သရေကျခဲ့ပြီး ဆွစ်ဇာလန်အသင်းက ရမှတ် (၄)မှတ်နဲ့ ဂျာမနီနဲ့အတူ နောက်တစ်ဆင့်ကို တက်ခွင့်ရခဲ့ပါတယ်။

အုပ်စုကျပ်ထဲက နှစ်သင်းရဲ့ပွဲဖြစ်တဲ့ ခရိုအေးရှားနဲ့ အယ်လ်ဘေးနီးယားတို့ရဲ့ပွဲကတော့ (၂-၂)ဂိုးနဲ့ သရေကျတာကြောင့် နှစ်သင်းစလုံးနစ်နာခဲ့ရပြီး (၂)ပွဲကစား (၁)မှတ်စီနဲ့ နှစ်သင်းစလုံး အိမ်ပြန်ဖို့ နီးစပ်နေပြီလို့ ဆိုရမှာပါ။ နောက်ဆုံးပွဲမှာ ခရိုအေးရှားက အီတလီ၊ အယ်လ်ဘေးနီးယားက စပိန်နဲ့ ကစားရမှာဖြစ်ပြီး အိမ်မပြန်ချင်ရင် ပြိုင်ဘက်တွေကို အနိုင်ကစားဖို့လိုနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *