ဇွန်လ ၂၀ ရက်နေ့ ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုပွဲများရဲ့ ပွဲကြိုသုံးသပ်ချက်များ

0

ဆလိုဗေးနီးယား – ဆားဘီးယား
(20 June 2024 / 7:30 pm)

ဒိန်းမတ် – အင်္ဂလန်
(20 June 2024 / 10:30 pm)

စပိန် – အီတလီ
(21 June 2024 / 1:30 am)

ဆလိုဗေးနီးယား – ဆားဘီးယား

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ပြီးခဲ့တဲ့ အုပ်စုပထမပွဲမှာ ဆလိုဗေးနီးယားက ဒိန်းမတ်ကို (၁-၁)ဂိုးနဲ့သရေကစားနိုင်ခဲ့တယ်။ ခြေစွမ်းအရတော့ ဒိန်းမတ်က အသာစီးမှာရှိခဲ့ပေမယ့် ဆလိုဗေးနီးယားက မာမာချာချာနဲ့ တုံ့ပြန်ကစားနိုင်ခဲ့တာတွေ့ရတယ်။ ဒုတိယပိုင်းမှာ ဆက်စ်ကိုတိုင်ထိတာနဲ့ ဂိုးအခွင့်အရေးအချို့ကိုသာ ကောင်းကောင်းအသုံးချနိုင်ရင် အသင်းသမိုင်းမှာ ပထမဆုံးယူရိုနိုင်ပွဲကို ရယူနိုင်မှာဖြစ်ပေမယ့် သရေနဲ့သာကျေနပ်လိုက်ရတယ်။

ဆားဘီးယားက နောက်တန်းတောင့်ပြီး ကွင်းလယ်ပိုင်းကလည်း ကြံခိုင်မှုအားပြုကစားတတ်တဲ့ အသင်းဖြစ်တယ်။ အင်္ဂလန်နဲ့ ပွဲမှာသူတို့ရှေ့တန်းက ထူးထူးခြားခြားလုပ်မပြနိုင်ခဲ့ပေမယ့် ဗလာဟိုဗစ်၊ တာဒစ်၊ ဆာဗစ်၊ ယိုဗစ်၊ မီထရိုဗစ် အစရှိတဲ့ တိုက်စစ်မှူးတွေနဲ့ တိုက်စစ်အားသန်ကစားသမားကောင်းတွေ အများကြီးရှိတဲ့အသင်းအနေနဲ့ ဒီပွဲမှာတော့ ဂိုးပေါက်ပြန်တွေ့အောင် ကစားနိုင်မှာပါ။

ဒီနှစ်သင်းယှဉ်ရင် ဆားဘီးယားက အတွေ့အကြုံရင့်ကစားသမားတွေပိုများပြီး၊ လက်ရှိမှာ ခြေစွမ်းတည်တည်ငြိမ်ငြိမ်နဲ့ ရလဒ်ကောင်းတွေ ဆက်တိုက်ယူနေတာက ဆလိုဗေးနီးယားဖြစ်တယ်။ ဒိန်းမတ်နဲ့ပွဲတုန်းကလိုပဲ ဆားဘီးယားအနေနဲ့ ဆလိုဗေးနီးယားကို အနိုင်ရဖို့ခက်လိမ့်မယ်။ နှစ်သင်းစလုံးဂိုးမများဘဲ (၁-၁)လောက်နဲ့ ပွဲပြီးမယ်ထင်တယ်။

ဒိန်းမတ် – အင်္ဂလန်

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ဒီနှစ်သင်းက ပြီးခဲ့တဲ့ ယူရို -၂၀၂၀ ဆီမီးဖိုင်နယ်မှာ တွေ့ခဲ့ဖူးပြီး အင်္ဂလန်က အချိန်ပိုသွင်းဂိုးနဲ့ (၂-၁ ဂိုးနဲ့အနိုင်ယူပြီး) ဗိုလ်လုပွဲကို တက်နိုင်ခဲ့တယ်။ အဲဒီတုန်းက ဒိန်းမတ်ကို အင်္ဂလန်ခက်ခက်ခဲခဲအနိုင်ယူဖြတ်ကျော်ခဲ့ရတာဖြစ်သလို အခုပွဲမှာလည်း အင်္ဂလန်အနေနဲ့ လွယ်ကူမယ့် အနေအထားမှာ မရှိဘူး။

ဒိန်းမတ်မှာက နောက်တန်းရော၊ အလယ်တန်းရော၊ ရှေ့တန်းပါ ကစားသမားကောင်းတွေအများကြီးရှိပြီး ပြည်ပကလပ်အသင်းတွေက ကစားသမားတွေနဲ့သာ ဖွဲ့စည်းထားတာဖြစ်လို့ ဥရောပအတွေ့အကြုံများတဲ့ ကစားသမားတွေအတော်များတယ်။ ဆားဘီးယားအသင်းထက်ပိုခက်ခဲတဲ့ ပြိုင်ဘက်ကို အင်္ဂလန် ရင်ဆိုင်ရမှာဖြစ်တယ်။

အုပ်စုပထမပွဲမှာ ဘယ်လင်ဂမ်ရဲ့ခေါင်းတိုက်ဂိုးနဲ့ အင်္ဂလန်နိုင်ပွဲရခဲ့ပေမယ့် ခြေစွမ်းကတော့ ပရိသတ်တွေကို ဘဝင်မကျစေတာအမှန်ပါပဲ။ ဒါပေမယ့် နည်းပြဆောက်ဂိတ်အနေနဲ့ ပထမပွဲက သူ့အကြိုက်ဆုံးပုံစံအတိုင်း ဒီပွဲကိုလည်း Line Up ထုတ်နိုင်တယ်။ လုခ်ရှောမပါတာသေချာတာကြောင့် ထရစ်ပီယာပဲ ကစားခွင့်ဆက်ရနိုင်တယ်။

အင်္ဂလန်ရဲ့အဓိက ပြဿနာက ဆောက်ဂိတ်ကစားမယ့် ပုံစံကို ပြိုင်ဘက်တွေက တွက်ချက်ရလွယ်ကူပြီး ကြိုတင်ကာကွယ်ဖို့ လွယ်နေတာပဲ။ ဆောက်ဂိတ်အနေနဲ့ ကစားသမားတွေကို Function အသေမထားဘဲ Techtical Switch လုပ်ဖို့တော့လိုလိမ့်မယ်။ ဆားဘီးယားပွဲတုန်းကလို ရိုးရိုးကြီးထိုးဖောက်ကစားနေရင် ပိတ်ဆို့မှုကောင်းတဲ့ပြိုင်ဘက်နဲ့တွေ့ရင် ဂိုးရဖို့ ခက်နေဦးမှာပဲ။

ဒီပွဲမှာ အင်္ဂလန်ထပ်ပြီး ရုန်းကန်ရနိုင်တယ်လို့ မြင်မိတယ်။ ဒါပေမယ့် အရည်အသွေးရှိကစားသမားတွေပေါတဲ့ အင်္ဂလန်အသင်းအနေနဲ့ ဒိန်းမတ်ကို ဂိုးအများကြီး မပြတ်ရင်တောင် ကျဉ်းမြောင်းတဲ့ရလဒ်တစ်ခုခုနဲ့ အနိုင်ယူနိုင်မယ်လို့ မျှော်လင့်မိတယ်။ အင်္ဂလန်(၁-ဝ)(၂-၁)လို ရလဒ်တွေကိုပဲ ကြိုက်ပါတယ်။

စပိန် – အီတလီ

(ယူရို-၂၀၂၄ အုပ်စုပွဲ)

နှစ်သင်းစလုံးက အုပ်စုအဖွင့်ကို အနိုင်နဲ့ စတင်ဖွင့်လှစ်ထားကြတယ်။ ဒီပွဲအနိုင်ရတဲ့အသင်းက နောက်တစ်ဆင့်ကို သာသာယာယာတက်နိုင်မယ်။ စပိန်က လက်ရှိမှာ ယာမားလ်၊ ဝီလီယံစ်၊ ပက်ဒရီအစရှိတဲ့ ကစားအားကောင်းတဲ့ လူငယ်ကစားသမားတွေနဲ့ ရိုဒရီ၊ မိုရာတာ၊ ရုဇ်တို့လို့ အတွေ့အကြုံရင့် အကောင်းဆုံးအချိန်ရောက်နေတဲ့ကစားသမားတွေ ပေါင်းစပ်ပြီး တိုက်စစ်အင်အားကောင်းတဲ့ အသင်းတစ်သင်းအဖြစ် ရှိနေတယ်။

နောက်ဆုံးကစားထားတဲ့ (၄)ပွဲမှာ (၁၆)ဂိုးတောင် သွင်းထားတဲ့အပြင် ဘရာဇီးလ်၊ ခရိုအေးရှားတို့ကို (၃)ဂိုးစီသွင်းခဲ့တာဖြစ်တယ်။ ဘယ်အသင်းနဲ့တွေ့တွေ့ ဂိုးဆာလောင်တဲ့အသင်းတစ်သင်းအဖြစ် စပိန်ကိုတွေ့နေရပြီး အနိုင်ဂိုးရလည်း နောက်ထပ်ဂိုးတွေထပ်ရဖို့ အချိန်ပြည့်တိုက်စစ်ဆင်ချင်နေတဲ့ လူငယ်တွေရဲ့မောင်းနှင်အားကို ပိုင်ဆိုင်ထားတယ်။

အီတလီကတော့ ချန်ပီယံအသင်းဆိုပေမယ့် ဒီပြိုင်ပွဲမှာ ချန်ပီယံနဲ့ညီတဲ့ အထင်ကြီးခံရမှုမျိုးမရှိဘူး။ ဒါကလည်း အီတလီအသင်းရဲ့ထက်မြက်မှုနည်းပါးလာတဲ့ တိုက်စစ်ကြောင့် ဖြစ်မယ်။ အီတလီအသင်းမှာ ဂိုးရဖို့ အာမခံချက်ရှိတဲ့ တိုက်စစ်မှူးကောင်းကောင်းမရှိဘူး။ စကာမက်ကာ၊ ရီတေဂူး၊ ချီယေဆာ အစရှိတဲ့ တိုက်စစ်မှူးတွေက ပထမတန်းစားလို့ ပြောလို့မရဘူး။

နောက်တန်းကတော့ အီတလီရဲ့အားသာချက်ဖြစ်တယ်။ နောက်ဆုံးကစားထားတဲ့(၆)ပွဲမှာ (၃)ဂိုးပဲ ပေးထားရတယ်။ ဘတ်စတိုနီ၊ ဒီမာကို၊ လိုရန်ဇို အစရှိတဲ့ခံစစ်ကစားသမားတွေက လက်ရှိအချိန်အထိတော့ အီတလီရဲ့အစဉ်အလာကောင်းဖြစ်တဲ့ ခံစစ်တောင့်တင်းမှုကို ပေးဂိုးနည်းနည်းနဲ့ ထိန်းသိမ်းထားကြတယ်။

စပိန်နဲ့ အီတလီ နှိုင်းယှဉ်ရင် တိုက်စစ်နဲ့ ခံစစ်အားပြိုင်မယ့်ပွဲလို့ ပြောရမယ်။ counter-pressing ကောင်းတဲ့အသင်းနဲ့ press resistant နောက်ခံလူတွေများတဲ့အသင်း အားပြိုင်ကြမယ်။ Nations League မှာ နောက်ဆုံး(၂)ကြိမ်တွေ့ဆုံမှုမှာတော့ စပိန်က နှစ်ပွဲစလုံး(၂-၁)နဲ့ အနိုင်ရခဲ့တယ်။ ဒီပွဲလည်း စပိန်ဘက်မှာ အနိုင်အခွင့်အရေး သာနိုင်တယ်လို့ ခံစားမိတယ်။ ဂိုးသိပ်မများနိုင်ဘဲ စပိန်(၁-ဝ)(၂-ဝ)လို ရလဒ်တွေနဲ့ အနိုင်ယူမယ်လို့ မျှော်လင့်မိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *