လက်ရှိချန်ပီယံ အီတလီကို စပိန်အနိုင်ယူပြီး ဒိန်းမတ်နဲ့ အင်္ဂလန်သရေကျခဲ့တဲ့ ယူရိုပွဲစဉ်များ

0

စပိန်(၁-ဝ)အီတလီ
ဆလိုဗေးနီးယား(၁-၁)ဆားဘီးယား
ဒိန်းမတ်(၁-၁)အင်္ဂလန်
(ယူရို ၂၀၂၄ အုပ်စုပွဲများ)

လက်ရှိချန်ပီယံအီတလီအသင်းက အုပ်စုဒုတိယပွဲမှာ ရှုံးနိမ့်ခြင်းနဲ့ စတင်ကြုံတွေ့ခဲ့ရပြီး စပိန်ကို (၁-ဝ)ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။

နောက်ခံလူကာလာဖီအိုရီ ကိုယ့်ကိုယ်ဂိုးသွင်းမိလို့ ရှုံးခဲ့ရတယ်ဆိုပေမယ့် အီတလီအသင်းအနေနဲ့ ဒီပွဲမှာ စပိန်ကစားသမားတွေရဲ့သွင်းဂိုးမြောက်မြားစွာနဲ့တောင် ဂိုးပြတ်ရှုံးသွားနိုင်တဲ့အနေအထားပါ။

စပိန်အသင်းက ဒီပွဲမှာ အီတလီဂိုးဘက်ကို အကြိမ်(၂၀)လောက်အထိ ကန်သွင်းခဲ့ပြီး ဂိုးပေါက်တည့်တာ(၁၀)ကြိမ်လောက်ရှိခဲ့ပါတယ်။ ယာမားလ်၊ ဝီလီယံစ်တို့ရဲ့ကန်ချက်တွေ ဂိုးတိုင်ထိခဲ့တာ၊ အီတလီဂိုးသမား ဒွန်နာရမ်မာ ကာကွယ်ပုတ်ထုတ်နိုင်ခဲ့တာတွေကြောင့် စပိန်အသင်းရသင့်တဲ့ဂိုးတွေမရခဲ့ဘဲ တစ်ဂိုးတည်းနဲ့သာ ကျေနပ်ခဲ့ရတာပါ။

ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တဲ့ အီတလီနောက်ခံလူကာလာဖီအိုရီ

အီတလီအသင်းရဲ့တိုက်စစ်ကတော့ ဒီပွဲမှာ စိတ်ပျက်စရာကောင်းလောက်အောင် အားနည်းခဲ့ပြီး စပိန်ဂိုးပေါက်ကိုတစ်ကြိမ်သာတည့်အောင် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အီတလီအသင်းအနေနဲ့ ချန်ပီယံဆုကို ပြန်ထိန်သိမ်းနိုင်ဖို့အတွက် လိုအပ်ချက်များစွာရှိနေတာအမှန်ပါပဲ။

ဒီအုပ်စုမှာ စပိန်အသင်းက (၂)ပွဲနိုင်(၆)မှတ်နဲ့ နောက်တစ်ဆင့်တက်ခွင့်လက်မှတ်ရသွားပြီး အီတလီက (၃)မှတ်၊ အယ်လ်ဘေးနီးယားနဲ့ ခရိုအေးရှားတို့က (၁)မှတ်စီနဲ့ ရပ်တည်နေကြပါတယ်။

ဒိန်းမတ်နဲ့အင်္ဂလန်ပွဲမှာတော့ အင်္ဂလန်ပရိသတ်တွေအတွက် ပိုပြီးစိတ်ပျက်စရာကောင်းတဲ့ အခြေအနေကို တွေ့ခဲ့ရပါတယ်။ ဒီပွဲသရေကျတဲ့ရလဒ်ထက် အင်္ဂလန်အသင်းရဲ့ခြေစွမ်းက မျှော်မှန်းထားတာနဲ့ တခြားစီဖြစ်ခဲ့တာက ပရိသတ်တွေကို ပိုပြီးစိတ်ပျက်စရာဖြစ်စေခဲ့တာပါ။

ဒိန်းမတ်က အသင်းကောင်းတစ်သင်းဆိုတာမှန်ပေမယ့် အင်္ဂလန်အသင်းအနေနဲ့ အောက်ကရှိမနေသင့်တာအမှန်ပါပဲ။ အခုတော့ ဘောလုံးပိုင်ဆိုင်မှုလည်းအသာမရ၊ ဂိုးကန်သွင်းခွင့်လည်းအသာမရဘဲ ဂိုးပေါက်ကို ပိုမိုခြိမ်းခြောက်ခဲ့တာက ဒိန်းမတ်အသင်းသာ ဖြစ်ခဲ့ပါတယ်။

အင်္ဂလန်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်း

ပွဲချိန်(၁၈)မိနစ်မှာ နောက်ခံလူဝေါ်လ်ကာရဲ့ညှစ်အားကနေ ရလာတဲ့ဘောလုံးကို ဟာရီကိန်းက ထိထိမိမိအသုံးချပြီး အင်္ဂလန်အသင်းဦးဆောင်ဂိုးရယူခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်း(၃၈)မိနစ်မှာပဲ ပယ်နယ်တီစည်းအပြင်ကနေ ကွင်းလယ်လူမာတင်ဟူလ်မန်းအပြင်းကန်သွင်းတဲ့ဘောလုံးက အင်္ဂလန်ကစားသမားများစွာကြားထဲကနေ ဂိုးထောင့်ထဲကို တန်းတန်းမတ်မတ်ဝင်ခဲ့လို့ အင်္ဂလန်အသင်းချေပဂိုးပေးခဲ့ရတယ်။

မာတင်ဟူလ်မန်းရဲ့အဝေးကန်ချက်ကို အင်္ဂလန်ကစားသမားတွေ Block မလုပ်နိုင်ဘဲ ဂိုးအလွယ်တကူပေးခဲ့ရသလို၊ ဒိန်းမတ်ကစားသမားတွေရဲ့ နောက်ထပ်အဝေးကန်ချက်တွေကလည်း အင်္ဂလန်ဂိုးပေါက်ကို အရှိန်ပြင်းပြင်းနဲ့ ရောက်ရှိလာလို့ ဂိုးသမားပစ်ဖို့ဒ်အတော် ပုတ်ထုတ်ကာကွယ်ခဲ့ရတယ်။

ဒီပွဲက အင်္ဂလန်အသင်းအတွက် တိုက်စစ်လည်းထိထိရောက်ရောက်မလုပ်နိုင်၊ ခံစစ်ကလည်း အလွန်ညံဖျင်းခဲ့ပြီး ချန်ပီယံဖြစ်ထိုက်တဲ့ခြေစွမ်းမျိုးမရှိသေးဘူးဆိုတာ ပြသခဲ့တယ်။

ဒီအုပ်စုက ကျန်(၂)သင်းရဲ့ပွဲမှာတော့ ဆလိုဗေးနီးယားနဲ့ ဆားဘီးယားတို့ (၁-၁)ဂိုးနဲ့သရေကျခဲ့ကြပါတယ်။

အုပ်စု(C)မှာ အင်္ဂလန်က (၄)မှတ်၊ ဒိန်းမတ်နဲ့ ဆလိုဗေးနီးယားက (၂)မှတ်၊ ဆားဘီးယားက (၁)မှတ်အသီးသီးရထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *