ပြင်သစ်နဲ့ နယ်သာလန် သရေကျခဲ့ပြီး ယူရို-၂၀၂၄က ပထမဆုံးထွက်ခွင့်လက်မှတ်ရခဲ့တဲ့ ပိုလန်

0

နယ်သာလန်(ဝ-၀)ပြင်သစ်
ပိုလန်(၁-၃)သြစတြီးယား
ဆလိုဗက်ကီးယား(၁-၂)ယူကရိန်း
(ယူရို ၂၀၂၄ အုပ်စုပွဲများ)

ဥရောပအသင်းကြီး(၂)သင်းဖြစ်တဲ့ နယ်သာလန်နဲ့ ပြင်သစ်ပွဲမှာ ဂိုးမရှိသရေကျပြီး (၁)မှတ်စီခွဲယူခဲ့ကြတယ်။

ဒါပေမယ့် ပွဲကတော့ ပျင်းစရာမဖြစ်ခဲ့ဘဲ တစ်ဖက်နဲ့တစ်ဖက် ဂိုးရဖို့ ကြိုးစားမှုတွေနဲ့ အငြင်းပွားဖွယ်ရာ VAR ဆုံးဖြတ်ချက်ကိုလည်း တွေ့ခဲ့ရတယ်။

ကွင်းလယ်လူကန်တေ၊ ရာဘီယူတို့ရဲ့ ခြေစွမ်းပြမှုတွေနဲ့ ဒီပွဲကို စိုးမိုးထားပြီး ဂိုးအခွင့်အရေးတွေပိုရခဲ့တာက ပြင်သစ်ဆိုပေမယ့် နယ်သာလန်အသင်းကလည်း ပြင်သစ်ဂိုးပေါက်ကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်တဲ့အခြေအနေတွေကို ပိုင်ဆိုင်ခဲ့ပြီး တကယ်ဂိုးလည်းသွင်းနိုင်ခဲ့ပါတယ်။

ပွဲချိန်(၇၀)မိနစ်မှာ နယ်သာလန်ကွင်းလယ်တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နောက်ခံလူဒမ်ဖရိုင်းစ်က လူကျွံအနေအထားမှာ ရှိနေတယ်ဆိုပြီး ဒိုင်လူကြီးက ဂိုးကို ပယ်ချခဲ့တာပါ။

စည်းကြပ်ရော VAR ကပါ လူကျွံတယ်လို့ သတ်မှတ်ခဲ့ပေမယ့် ဒီဖြစ်ရပ်မှာ ဒမ်ဖရိုင်းစ်အနေနဲ့ ဂိုးသမားမြင်ကွင်းကို အနှောင့်အယှက်မပေးဘူးလို့ နယ်သာလန်အသင်းဘက်က ယုံကြည်ခဲ့ကြပါတယ်။

ပြင်သစ်ကို နောက်ဆုံးတွေ့တဲ့(၈)ပွဲမှာ (၇)ပွဲရှုံးထားတဲ့နယ်သာလန်အသင်းအနေနဲ့ ဒီပွဲမရှုံးအောင် ကစားနိုင်ခဲ့တာကိုပဲ ကျေနပ်ခဲ့ရပါတယ်။ ဒီရလဒ်ကြောင့် နှစ်သင်းစလုံးရမှတ်(၄)မှတ်စီနဲ့ နောက်တစ်ဆင့်အတွက်တော့ အခြေအနေကောင်းသွားပါတယ်။

လီဝန်ဒေါစကီး ပွဲထွက်မပါနိုင်ဘဲ နောက်ဆုံးမိနစ်(၃၀)လောက်သာ ကစားနိုင်ခဲ့တဲ့ ပိုလန်အသင်းက သြစတြီးယားရဲ့အကြိမ်ကြိမ်ထိုးစစ်ဆင်မှုတွေကို မခံနိုင်ခဲ့ဘဲ (၁-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ပိုလန်အသင်းဟာ (၂)ပွဲဆက်ရှုံးနိမ့်တာဖြစ်ပြီး ရမှတ်(ဝ)မှတ်နဲ့ ဒီယူရို-၂၀၂၄ ပြိုင်ပွဲက အစောဆုံးထွက်ခဲ့ရတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲကနေအစောဆုံးထွက်ခွာခဲ့ရတဲ့ ပိုလန်အသင်း

အုပ်စု(E)က ဆလိုဗက်ကီးယားနဲ့ ယူကရိန်းပွဲမှာတော့ ဆလိုဗက်ကီးယားက ခြေစွမ်းပြနေတဲ့ ရှရန်ဇ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ယူကရိန်းအသင်းက စိတ်ဓါတ်ကောင်းကောင်းနဲ့ ကြိုးစားကစားခဲ့တာကြောင့် ဒုတိယပိုင်းမှာ ချေပဂိုး၊ အနိုင်ဂိုးတွေရခဲ့ပြီး (၂-၁)ဂိုးနဲ့ ပြန်အနိုင်ယူခဲ့ပါတယ်။ ဒါကြောင့် ဒီအုပ်စုမှာ (ဒီနေ့ကစားရမယ့်) ဘယ်လ်ဂျီယံကလွဲလို့ ရိုမေးနီးယား၊ ဆလိုဗက်ကီးယားနဲ့ ယူကရိန်းတို့ (၃)မှတ်စီရထားပြီးနောက်ဆုံးအချိန်အထိ ကြည့်ကောင်းမယ့် အုပ်စုဖြစ်လာမှာ သေချာနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *