ဇွန်လ ၂၂ ရက်နေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

0

ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုပွဲများ

ဂျော်ဂျီယာ – ချက်
(22 June 2024 / 7:30 pm)

တူရကီ – ပေါ်တူဂီ
(22 June 2024 / 10:30 pm)

ဘယ်လ်ဂျီယံ – ရိုမေးနီးယား
(23 June 2024 / 1:30 am)

ဂျော်ဂျီယာ – ချက်

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ဂျော်ဂျီယာအသင်းက ဒီပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်အနိမ့်ဆုံးအသင်းဖြစ်တယ်။ အုပ်စုအဖွင့်မှာ တူရကီကို (၁-၃)ဂိုးနဲ့ရှုံးထားတယ်။ ဒီလောက် အချက်အလက်ပဲ ကြည့်ရင် ဂျော်ဂျီယာကို အထင်သေးမိမယ်။

အုပ်စုပထမပွဲမှာ တူရကီကို ဂျော်ဂျီယာဘယ်လိုကစားခဲ့တယ်ဆိုတာကို လက်တွေ့ကြည့်ခဲ့ရင်တော့ ဒီအသင်းကို လျှော့တွက်ရဲမှာမဟုတ်ဘူး။ အဲဒီပွဲက လက်ရှိကစားထားတဲ့ ယူရိုပွဲစဉ်တွေထဲမှာ အကြိတ်အနယ်အရှိဆုံးပွဲလို့တောင် ပြောလို့ရတယ်။

ချက်ကလည်း ပွဲဦးမှာ ပေါ်တူဂီကို (၁-၂)ဂိုးနဲ့ ရှုံးထားတယ်။ ဦးဆောင်ဂိုးရပြီးမှ Own Goal နဲ့ နောက်ကျဂိုးတွေကြောင့် ရှုံးခဲ့ရတာဖြစ်ပြီး ပေါ်တူဂီအသင်း အခက်တွေ့အောင်တော့ ကစားခဲ့တာ တွေ့ရတယ်။ ပြည်တွင်းကစားသမားအများစုနဲ့ ဘွန်ဒစ်လီဂါရောက်ကစားသမားတွေအများစုပါဝင်တဲ့ ချက်က အရင်တုန်းကလို နာမည်ကြီးကစားသမားများများစားစားမပါဝင်တော့ပေမယ့် မာကြောတဲ့အသင်းတစ်သင်းအဖြစ်တော့ ရှိနေဆဲပါပဲ။

တူရကီနဲ့ ကစားခဲ့တဲ့ပွဲတုန်းကလိုပဲ ရဲရဲဝံ့ဝံ့တိုက်စစ်ဆင်ကစားမယ့် ဂျော်ဂျီယာအသင်းကို ထပ်တွေ့ရဦးမှာ သေချာပါတယ်။ တူရကီနဲ့ပွဲတုန်းကလို မိမိထိုးဖောက်မှုတွေက တေ့လွဲလွဲပြီး နောက်တန်းက ဂိုးတွေပြန်ပေးရမှာပဲ ဒီအသင်းကို ပူပန်မိတယ်။ သူတို့ရဲ့ကြိုးစားအားထုတ်မှုနဲ့တန်တဲ့ ရမှတ်တော့ရစေချင်တယ်။ ချက်ကလည်း သိပ်ညံ့တဲ့အသင်းမျိုးမဟုတ်တော့ ဒီပွဲကို သရေလို့ မှန်းကြည့်မိတယ်။ (၂-၂)လောက်ဖြစ်ချင်လည်းဖြစ်သွားနိုင်တယ်။

တူရကီ – ပေါ်တူဂီ

(ယူရို-၂၀၂၄ အုပ်စုပွဲ)

တူရကီအနေနဲ့ ဆယ်ကျော်သက်ကစားသမားလေးတွေဖြစ်တဲ့ ဂူလာ၊ ယီလ်ဒစ်ဇ်တို့ရဲ့တောင်ပံတိုက်စစ်တွေနဲ့ ချာဟာနိုဂလူး၊ အေယန်တို့လို အတွေ့အကြုံရင့်ကစားသမားတွေရဲ့ မောင်းနှင်အားကြောင့် တိုက်စစ်အတော်ထက်မြက်ပြီး ခံစစ်ကလည်း မာကြောတာတွေ့ရတယ်။ ဂူလာကတော့ ဘာလို့ တူရကီရဲ့အတောက်ပဆုံးလူငယ်ကြယ်ပွင့်ဖြစ်နေသလဲဆိုတာကို ရီးရဲလ်မှာ ပြနေသလို၊ တူရကီမှာလည်း ပြသနေတယ်။

ပေါ်တူဂီက အတွေ့အကြုံရင့် နာမည်ကြီးကစားသမားပေါင်းများစွာနဲ့ အသင်းကောင်းတစ်သင်းပဲ။ ဒါပေမယ့် ပြီးခဲ့တဲ့ ချက်နဲ့ပွဲမှာ ကစားသမားတစ်ချို့ရဲ့ စိတ်သွားတိုင်းကိုယ်မပါနိုင်တဲ့ နွမ်းနယ်မှုတွေကို မျက်နှာပေါ်မှာ မြင်နေရတယ်။ စီရော်နယ်ဒိုအပေါ် အားကိုးကစားတာမဟုတ်ပေမယ့် သူဂိုးမသွင်းနိုင်တော့လည်း ကျန်ကစားသမားတွေက တကယ့်တကယ်ပွဲမျိုးမှာ ရွာလည်နေကြတယ်။

ဒီပွဲက ပေါ်တူဂီအတွက် ထပ်ပြီးခက်ခဲဦးမယ့်ပွဲမျိုးပဲ။ တူရကီအနေနဲ့ ကြံ့ခိုင်မှုအားပြုပြီး လူအိုတစ်သိုက်ပါလာနေတဲ့ ပေါ်တူဂီအသင်းကို ဒုက္ခပေးဦးမယ်လို့ မြင်နေမိတယ်။ တူရကီ မနိုင်ရင်တောင် မရှုံးနိုင်ဘဲ သရေတစ်မှတ်တော့ ယူနိုင်လိမ့်မယ်လို့ မြင်မိတယ်။ (၁-၁)(၂-၂)လို ရလဒ်မျိုးကို ကြိုက်မိတယ်။

ဘယ်လ်ဂျီယံ – ရိုမေးနီးယား

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ဘယ်လ်ဂျီယံက ဒီဘရိုင်းနား၊ ထရော့ဆာ့ဒ်၊ ဒိုကူ၊ လူကာကူတို့လို ခြေစွမ်းထက်မြက်တဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပါလျက်နဲ့ ဒီယူရိုမှာ (၂)ပွဲဆက်ရှုံးတယ်ဆိုရင်တော့ ဒီပြိုင်ပွဲက သူတို့အတွက် ရာဇဝင်ရိုင်းသွားလိမ့်မယ်။ ဆလိုဗက်ကီးယားကို (ဝ-၁)ဂိုးနဲ့ ရှုံးခဲ့တယ်ဆိုပေမယ့် ဒီပွဲမှာ လူကာကူသွင်းတဲ့ဂိုးတွေ ပယ်ချခံရတာ၊ ဂိုးအခွင့်အရေးတွေ အမြောက်အမြားရခဲ့တာကို မေ့ထားလို့မရပါဘူး။

ရိုမေးနီးယားက ဒီပြိုင်ပွဲမတိုင်ခင် ခြေစမ်းပွဲတွေမှာ နိုင်ပွဲမရလို့ အတော်များများက အထင်မကြီးကြပေမယ့် ယူကရိန်းကို အံအားသင့်ဖွယ်(၃-ဝ)ဂိုးနဲ့ ပွဲဦးမှာ နိုင်ထားတဲ့အသင်းဖြစ်တယ်။ တစ်ခါတရံ ဘောလုံးပွဲတွေမှာ တစ်ဖက်အသင်းက လမိုင်းမကပ်တဲ့အချိန်၊ ကိုယ့်အသင်းက ကြွေထနေတဲ့အချိန် လုပ်တိုင်းဖြစ်သွားတာမျိုးတွေရှိတယ်။ ရိုမေးနီးယားကို အထင်သေးပြီးပြောတာ မဟုတ်ပေမယ့် ယူကရိန်းနဲ့ပွဲက ကြွေမျိုးကို ပွဲတိုင်းမရနိုင်မှာတော့ သေချာတယ်။

ဘယ်လ်ဂျီယံရဲ့လက်ရှိအနေအထားက သရေတစ်မှတ်တောင်မဟုတ်ဘဲ ရမှတ်ပြည့်လိုအပ်နေတဲ့အနေအထားမျိုးဆိုတော့ ဒီပွဲက ဖောင်ဖျက်တိုက်ရမယ်။ အသင်းမှာ တိုက်စစ်အားကောင်းတဲ့ လက်နက်ကောင်းတွေလည်း အဆင်သင့်ရှိတယ်။ ဒီပွဲတော့ ဂိုးပေါက်ပြန်တွေ့ပြီး ဘယ်လ်ဂျီယံ နိုင်ပွဲပြန်ရှာနိုင်လိမ့်မယ်လို့ ယူဆမိတယ်။ ဘယ်လ်ဂျီယံ(၂-ဝ)(၃-၁)လို ရလဒ်တွေကို တွေ့ရမယ်ထင်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *