နှစ်ပွဲဆက်နိုင်ပွဲနဲ့ နောက်တစ်ဆင့်တက်တဲ့ ပေါ်တူဂီနဲ့ ခြေစွမ်းပြန်ပြပြီး နိုင်ပွဲပြန်ရခဲ့တဲ့ ဘယ်လ်ဂျီယံ

0

ဂျော်ဂျီယာ(၁-၁)ချက်
တူရကီ(ဝ-၃)ပေါ်တူဂီ
ဘယ်လ်ဂျီယံ(၂-ဝ)ရိုမေးနီးယား

(ယူရို ၂၀၂၄ အုပ်စုပွဲများ)

ပထမပွဲမှာ ကစားပုံသိပ်မကောင်းပေမယ့် ချက်ကိုနောက်ကျဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပေါ်တူဂီက တူရကီနဲ့ပွဲမှာတော့ ပုံမှန်ခြေစွမ်းပြန်ပြခဲ့ပြီး (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ပွဲဦးမှာ ခြေစွမ်းပြခဲ့တဲ့ တူရကီအသင်းအနေနဲ့ ပေါ်တူဂီကို အပြန်အလှန်တုံ့ပြန်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ပထမပိုင်းမှာပဲ ပေးလိုက်ရတဲ့ဂိုးနဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ Own Goal တွေကြောင့် ကစားပုံပါ ထိခိုက်ခဲ့ရပါတယ်။

ပွဲချိန်(၂၁)မိနစ်မှာ ဘယ်တောင်ပံက မန်ဒက်စ်ပေးပို့တဲ့ဘောလုံးကို ဘာနာဒိုဆေးလ်ဗားက ပယ်နယ်တီဧရိယာထဲကနေ အပြင်းကန်သွင်းပြီး ပေါ်တူဂီ ဦးဆောင်ဂိုးရယူခဲ့ပါတယ်။ နောက်ထပ်(၇)မိနစ်လောက်အကြာမှာပဲ တူရကီနောက်တန်းနဲ့ ဂိုးသမားနားလည်မှုလွဲရာကနေ ကိုယ့်ဂိုးကိုယ် သွင်းမိပြီး ပေါ်တူဂီနောက်တစ်ဂိုးရခဲ့ပါတယ်။

နောက်ဆုံးဂိုးကတော့ ပွဲချိန်(၅၅)မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ လူကျွံဘောထောင်ချောက်ကို ကျော်ဖြတ်ပြေးတဲ့ စီရော်နယ်ဒိုရဲ့ပေးပို့မှုကနေ ဘရူနိုဖာနန်ဒက်စ်က သွင်းယူခဲ့တာပါ။ ပေါ်တူဂီအသင်းအနေနဲ့ (၂)ပွဲကစား(၂)ပွဲနိုင်(၆)မှတ်နဲ့ ဂျာမနီ၊ စပိန်တို့အပြီး နောက်တစ်ဆင့်ကို တက်ခွင့်ရတဲ့ တတိယအသင်းဖြစ်လာပါတယ်။

ဒီအုပ်စုမှာ ပထမပွဲမှာ ရှုံးထားတဲ့(၂)သင်းဖြစ်တဲ့ ဂျော်ဂျီယာနဲ့ ချက်တို့ရဲ့ပွဲကတော့ (၁-၁)ဂိုးနဲ့ သရေကျခဲ့ပါတယ်။ ချက်အသင်းအနေနဲ့ ဂိုးသွင်းခွင့်များစွာရခဲ့ပေမယ့် ဂျော်ဂျီယာဂိုးသမားကောင်းတာကြောင့် တစ်ဂိုးသာရခဲ့တာဖြစ်သလို၊ ဂျော်ဂျီယာကလည်း ထပ်ဆောင်းအချိန်ပိုနောက်ဆုံးမိနစ်မှာ ရတဲ့အပိုင်အခွင့်အရေးကို ဝင်အောင်မကန်နိုင်ခဲ့တာကြောင့် နိုင်ပွဲနဲ့ လွဲချော်ခဲ့တာပါ။

ဒါကြောင့် ဒီအုပ်စုမှာ ပေါ်တူဂီက (၆)မှတ်၊ တူရကီက(၃)မှတ်၊ ဂျော်ဂျီယာနဲ့ ချက်က (၁)မှတ်စီရရှိနေပါတယ်။

ပထမပွဲမှာ ဆလိုဗက်ကီးယားကို ရှုံးထားတဲ့ ဘယ်လ်ဂျီယံကတော့ ရိုမေးနီးယားနဲ့ပွဲမှာ ခြေစွမ်းပြကစားခဲ့ပြီး (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်းအနေနဲ့ ပွဲချိန်(၂)မိနစ်ကတည်းက တိုင်လေမန်းစ်ရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပြီး တစ်ပွဲလုံးဂိုးသွင်းခွင့်တွေများစွာထပ်ရခဲ့သလို လူကာကူကလည်း နောက်တစ်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် VAR နဲ့ ရန်သူလိုဖြစ်နေတဲ့ လူကာကူရဲ့ဂိုးက လူကျွံကြောင်းပြနေလို့ ပယ်ချခံခဲ့ရပါတယ်။

ပွဲချိန်(၇၉)မိနစ်မှာတော့ ဘယ်လ်ဂျီယံအသင်းအတွက် အနိုင်သေချာစေမယ့်ဂိုးကို အသင်းခေါင်းဆောင် ဒီဘရိုင်းနားက ဂိုးသမားတိုက်ရိုက်ကန်တင်ပေးပို့တဲ့ဘောလုံးကနေ ဂိုးထဲကန်သွင်းနိုင်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ဒီအုပ်စုမှာ ရိုမေးနီးယား၊ ဘယ်လ်ဂျီယံ၊ ဆလိုဗက်ကီးယား၊ ယူကရိန်း(၄)သင်းစလုံး တစ်ပွဲနိုင်တစ်ပွဲရှုံးရမှတ်(၃)မှတ်စီနဲ့ အပြိုင်ဖြစ်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *