ဇွန်လ ၂၃ ရက်နေ့ရဲ့အကြိုက်ဆုံးပွဲများကြိုတင်ရင်ခုန်သံ

0

စကော့တလန် – ဟန်ဂေရီ
(24 June 2024 / 1:30 am)

ဆွစ်ဇာလန် – ဂျာမနီ
(24 June 2024 / 1:30 am)

စကော့တလန် – ဟန်ဂေရီ

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ဒီနှစ်သင်းပါတဲ့အုပ်စု(A)မှာက ဂျာမနီက နောက်တစ်ဆင့်ကို (၆)မှတ်နဲ့ တက်ခွင့်ရသွားပြီ။ (၄)မှတ်ရထားတဲ့ ဆွစ်ဇာလန်လည်း အခြေအနေကောင်းနေတယ်။ (၁)မှတ်ရထားတဲ့ စကော့တလန်နဲ့ အမှတ်မရှိတဲ့ ဟန်ဂေရီက သရေကစားရင် ဟန်ဂေရီကပြုတ်ပြီး စကော့တလန်ကအကောင်းဆုံးအုပ်စုတတိယစာရင်းထဲတောင် ပါနိုင်ခြေမရှိလို့ နှစ်သင်းစလုံးအနိုင်ရမှတ်လိုနေတယ်။

စကော့တလန်မှာ အားထားရတဲ့ နောက်ခံလူတီယာနေး ဒဏ်ရာကြောင့် ဒီပွဲလွဲမယ်၊ အခြားနောက်ခံလူ ပေါတီယပ်စ်လည်း အနီကတ်ပြစ်ဒဏ်ကြောင့် ပါခွင့်ရဦးမှာမဟုတ်ဘူး။ 3 Back နဲ့ 3-4-1-2 ပုံစံကစားနေတဲ့ စကော့တလန်နောက်တန်းအထိုင်(၃)ယောက်မှာ (၂)ယောက်အပြောင်းအလဲဖြစ်မှာဖြစ်ပြီး နောက်တန်းမတည်ငြိမ်မှုကို ဟန်ဂေရီအသင်း အခွင့်အရေးယူနိုင်မလားကြည့်ရမယ်။

ဟန်ဂေရီကတော့ ပွဲဦး(၂)ပွဲစလုံးရှုံးခဲ့တာမှန်ပေမယ့် ခြေစွမ်းကတော့ မဆိုးဘူးလို့ ချီးကျူးစရာ အနေအထားမှာရှိတယ်။ ပြိုင်ပွဲကြီးအတွေ့အကြုံနည်းတဲ့အသင်းအနေနဲ့ ဒီလောက်ကစားနိုင်တာ တန်းတစ်ခုရှိတယ်ပြောရမှာဖြစ်ပြီး (၃)ပွဲစလုံးရှုံးပြီး အုပ်စုက ထွက်သွားသင့်တဲ့ ခြေမျိုးတော့ မဟုတ်ဘူး။

ဒါကြောင့် တိုက်စစ်အားနည်းရတဲ့အထဲ နောက်တန်းမှာ ဒဏ်ရာရ/ပွဲပယ်အခြေအနေတွေ ကြုံတွေ့နေရတဲ့ စကော့တလန်ဆီက အနိမ့်ဆုံးရမှတ်(၁)မှတ်တော့ယူနိုင်လိမ့်မယ်ထင်တယ်။ နှစ်သင်းစလုံး အနိုင်ရလဒ်လိုနေတယ်ဆိုပေမယ့် သရေကျသွားနိုင်တယ်လို့ သုံးသပ်မိပါတယ်။

ဆွစ်ဇာလန် – ဂျာမနီ

(ယူရို-၂၀၂၄ အုပ်စုပွဲ)

နောက်တစ်ဆင့်တက်ခွင့်ရထားပေမယ့် ဂျာမနီနည်းပြ နာဂယ်စမန်းက ကစားသမားတွေကို သိပ်ပြီးအနားမပေးဘဲ ဆွစ်ဇာလန်ကို တောင့်တင်းတဲ့အသင်းနဲ့ပဲ ယှဉ်ပြိုင်မယ်လို့ သတင်းတွေက ဖော်ပြနေကြတယ်။ တကယ်လို့ ဒီပွဲမမျှော်လင့်ဘဲ ရှုံးသွားရင် အုပ်စုဒုတိယနေရာရောက်သွားမှာကို မလိုချင်လို့ပဲ ဖြစ်မယ်။

ဆွစ်ဇာလန်က ဒီပွဲရှုံးလည်း (၄)မှတ်ရထားတာကြောင့် နောက်တစ်ဆင့်က အတော်လေးခိုင်မာပါတယ်။ ဒီတော့ ရှာကာ၊ ရှာကီရာတို့အုပ်စု အိမ်ရှင်ကို အနိုင်ရတဲ့အထိ အပင်ပန်းခံပြီး ညှစ်ထုတ်ကစားမလားဆိုတာ ကြည့်ရမယ်။ အတွေ့အကြုံရှိကစားသမားအတော်များများရှိပြီး ကြံ့ခိုင်မှုအားပြုကစားတဲ့ ဆွစ်ဇာလန်အသင်းက တကယ်ကစားရင် ပြိုင်ဘက်အသင်းတိုင်းအတွက် ခက်ခဲတဲ့အသင်းဖြစ်ပြီး နောက်တန်းကလည်း တောင့်တင်းတဲ့အသင်းမျိုးဖြစ်ပါတယ်။

ဒါပေမယ့် ဒီပွဲမှာတော့ ဆွစ်ဇာလန် သူတို့အားအင်တွေကို ချွေတာပြီး ပွဲထိန်းကစားမယ်လို့ ထင်နေမိတယ်။ ဂျာမနီကို ဘောလုံးပေးကိုင်ပြီး တန်ပြန်တိုက်စစ်တွေနဲ့ပဲ ချောင်းကစားလိမ့်မယ်။ ဆွစ်ဇာလန်နောက်တန်း ကျစ်လစ်ပေမယ့်
ဂျာမနီဂိုးသွင်းနိုင်မယ်လို့တော့ မျှော်လင့်ပါတယ်။ ဂိုးရလဒ်မပြတ်သားဘဲ ဂျာမနီ(၁-ဝ)(၂-၁)လောက်နဲ့ပဲ ပွဲပြီးမယ်လို့ မျှော်လင့်မိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *