ဘာပေ ပါမပါ၊ ပွဲထွက်မထွက်ဆိုတာနဲ့ တိုက်ရိုက်အချိုးကျနေတဲ့ ပြင်သစ်အသင်းရလဒ်

0

ပြင်သစ်လက်ရွေးစင်အသင်းမှာ တိုက်စစ်မှူးဘာပေ ပွဲထွက်ကစားခြင်းရှိမရှိဆိုတာက လတ်တလောရလဒ်တွေနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။

တကယ်တော့ ပြင်သစ်အသင်းမှာ ဘာပေအပြင် သူရမ်၊ ဂရီးဇ်မန်း၊ ဂျရူး၊ ဒမ်ဘီလီအစရှိတဲ့ အရည်အသွေးရှိတိုက်စစ်ကစားသမားကောင်းတွေများစွာရှိပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်းအသင်းရဲ့ရလဒ်တွေက ဘာပေပွဲထွက်ကစားခြင်းရှိမရှိဆိုတာနဲ့ တိုက်ရိုက်အချိုးကျနေတာပါ။

ဘာပေ ပွဲထွက်မကစားတဲ့ နောက်ဆုံးနိုင်ငံတကာပွဲ (၇)ပွဲမှာ ပြင်သစ်အသင်းက နိုင်ပွဲလုံးဝမရခဲ့တာကိုတွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နယ်သာလန်-ပြင်သစ်ပွဲမှာလည်း နှာခေါင်းဒဏ်ရာကြောင့် ဘာပေမပါခဲ့တဲ့ ပြင်သစ်အသင်းဟာ နယ်သာလန်ကို ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေကျခဲ့ပါတယ်။

ဒီပွဲအပါအဝင် ဘာပေ ပွဲထွက်မကစားတဲ့ နောက်ဆုံးနိုင်ငံတကာပွဲ (၇)ပွဲမှာ ပြင်သစ်အသင်းအနေနဲ့ (၅)ပွဲသရေကျပြီး (၂)ပွဲရှုံးခဲ့တာပါ။

ဒါ့အပြင် အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ဘာပေ ပါဝင်ကစားခြင်းရှိမရှိဆိုတာကလည်း အသင်းရဲ့သွင်းဂိုးတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းမှာ စတင်ရွေးချယ်ခံခဲ့ရပြီးနောက်ပိုင်း ဘာပေဟာ အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ အသင်းအတွက် (၃)ပွဲသာ လွဲချော်ခဲ့ပါတယ်။

ထူးခြားတိုက်ဆိုင်စွာဘဲ ဒီ(၃)ပွဲစလုံးပြင်သစ်အသင်းက ဂိုးပေါက်ပျောက်ခဲ့ပါတယ်။ နယ်သာလန်(ဝ-၀)ပြင်သစ်ပွဲမှာလည်း ဘာပေက နှာခေါင်းရိုးကျိုးတဲ့ဒဏ်ရာကြောင့် အသင်းမှာ မပါနိုင်ခဲ့ဘဲ ပြင်သစ်အသင်းအနေနဲ့ ဂိုးမရခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ပြင်သစ်အသင်းအနေနဲ့ ဘာပေအပေါ် မှီခိုနေတယ်လို့ မပြောဘူးဆိုရင်တောင် အသင်းအပေါ် သူ့ရဲ့ သက်ရောက်မှုအားက ကြီးမားနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *