ကလပ်အသင်းနဲ့ ဆွေးနွေးမှုတွေကို ဖွင့်ချခဲ့လို့ ရက်ကလစ်ဖ် အမျက်ထွက်တာခံနေရတဲ့ တန်ဟတ်

0

ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ အနားယူအပန်းဖြေခဲ့တဲ့ အိုင်ဘစ်ဇာမှာ မန်ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာကို ဖွင့်ချခဲ့တာကြောင့် ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နဲ့ အခြားတာဝန်ရှိသူတွေက ဒေါသထွက်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက FA ဖလားရယူပြီးနောက် ရာသီကိုပြန်လည်သုံးသပ်မှုတွေပြုလုပ်အပြီးမှာ အဲရစ်တန်ဟတ်ကို သူတို့ရဲ့နည်းပြအဖြစ်ဆက်ပြီးထားရှိဖို့ ဆုံးဖြတ်ခဲ့တာပါ။

မန်ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ အဲရစ်တန်ဟတ်ကို နည်းပြအဖြစ်ဆက်ထားရှိဖို့ မဆုံးဖြတ်ခင်မှာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း တူချယ်လ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။

အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းနဲ့အတူ FA ဖလားရယူပြီးနောက် အားလပ်ရက်အဖြစ် အိုင်ဘစ်ဇာကို သွားရောက်ပြီးအနားယူအပန်းဖြေနေခဲ့တာပါ။ ဒီအချိန်မှာ မန်ယူနိုက်တက်အသင်းတာဝန်ရှိသူတချို့ဟာ အိုင်ဘစ်ဇာကို သွားရောက်ပြီး အဲရစ်တန်ဟတ်ကို သူတို့ရဲ့နည်းပြအဖြစ် ဆက်ရှိပေးဖို့ အသိပေးခဲ့ပါတယ်။

နှစ်ဖက်အကြားဆွေးနွေးမှုတွေပြုလုပ်အပြီးမှာ မန်ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်ကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်ခဲ့ပေမယ့် အခုအချိန်အထိတော့ စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိသေးကြောင်း သိရပါတယ်။

အဲရစ်တန်ဟတ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအတွင်း ဒတ်ချ် TV NOS နဲ့ အင်တာဗျူးပြုလုပ်ခဲ့ရာမှာ မန်ယူနိုက်တက်အသင်းတာဝန်ရှိသူတွေကို ဒေါသထွက်စေခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ အဲရစ်တန်ဟတ်ဟာ ဒီအင်တာဗျူးမှာ မန်ယူနိုက်တက်အသင်းနဲ့ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးရဲ့အသေးစိတ်အချက်အလက်တွေကို ပြောခဲ့တာပါ။

အဲရစ်တန်ဟတ်ဟာ ရာသီသစ်လေ့ကျင့်မှုတွေစတင်ဖို့ ဇူလိုင်အစပိုင်းမှာ မန်ယူနိုက်တက်အသင်းထံ ပြန်လာရမှာဖြစ်ပြီး ကလပ်အသင်းတာဝန်ရှိသူတွေနဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

အသင်းမှာ နောက်ရာသီဆက်ရှိဖို့ သေချာခဲ့ပေမယ့် စာချုပ်သစ်မချုပ်ရသေးတဲ့ အဲရစ်တန်ဟတ်အနေနဲ့ ဆာဂျင်ရက်ကလစ်ဖ်ရဲ့အမျက်ဒေါသထွက်ခြင်းကို ခံခဲ့ရတာကြောင့် မန်ယူမှာ အနာဂတ်ရေရှည်ရှိဖို့က မလွယ်ကူနိုင်ဘူးလို့ ဗြိတိန်မီဒီယာတချို့ကသုံးသပ်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *