ဆွစ်ဇာလန်ကို သရေကစားကာ ဂျာမနီအုပ်စုဗိုလ်ဖြစ်ခဲ့ပြီး ဟန်ဂေရီ တတိယနေရာရယူခဲ့တဲ့ ယူရိုအုပ်စု-ဘီ

0

ဆွစ်ဇာလန်(၁-၁)ဂျာမနီ
စကော့တလန်(ဝ-၁)ဟန်ဂေရီ
(ယူရို-၂၀၂၄ အုပ်စု-A နောက်ဆုံးပွဲများ)

ယူရို-၂၀၂၄ အိမ်ရှင်ဂျာမနီအသင်းက အုပ်စုနောက်ဆုံးပွဲရဲ့ ထပ်ဆောင်းအချိန်ပိုမှာသွင်းယူခဲ့တဲ့ချေပဂိုးကြောင့် ဆွစ်ဇာလန်နဲ့သရေကျခဲ့ပြီး Round of 16 အဆင့်ကို အုပ်စုဗိုလ်အဖြစ်တက်ရောက်နိုင်ခဲ့တယ်။

နှစ်သင်းစလုံးနောက်တစ်ဆင့်အတွက် သေချာနေပေမယ့် အုပ်စုဗိုလ်နေရာရဖို့ ဒီပွဲမှာ ဂျာမနီအသင်းက အရင်ပွဲတွေလိုပဲ လူစုံတက်စုံနဲ့ ကစားသွားခဲ့သလို၊ ဆွစ်ဇာလန်ကလည်း ရှာကီရီမပါတာကလွဲလို့ တောင့်တင့်တဲ့လူစာရင်းနဲ့ပဲ ဂျာမနီကို ရင်ဆိုင်ခဲ့တယ်။

ဂျာမနီအသင်းက ဒီပွဲကို လွှမ်းမိုးကစားခဲ့ပေမယ့် တကယ်တမ်းပွဲကို တစ်ပွဲလုံးဂိုးတစ်ဂိုးအသာနဲ့ ကစားသွားခဲ့တာက ဆွစ်ဇာလန်အသင်းဖြစ်ပါတယ်။ ပွဲချိန်(၂၈)မိနစ်မှာ သွင်းယူခဲ့တဲ့ အန်ဒိုယီရဲ့ဂိုးကို ဂျာမနီအသင်းက ချေပဖို့ကြိုးစားရင်းနဲ့ မိနစ်(၉၀)ပြည့်ခဲ့ရတယ်။

ပွဲချိန်(၉၀+၁)မိနစ်မှ ဖူလ်ကုက ချေပဂိုးသွင်းယူနိုင်ခဲ့လို့ (၁-၁)ဂိုးနဲ့သရေကျခဲ့ပြီး ဂျာမနီအသင်း အုပ်စုဒုတိယရမယ့် အခြေအနေကနေ လွတ်ကင်းခဲ့ရတာပါ။

စကော့တလန်-ဟန်​ဂေရီပွဲမှာတော့ ကြိုးစားကစားတဲ့ ဟန်ဂေရီတွေက ပရိသတ်တွေရဲ့အသည်းနှလုံးကို ဆွဲငင်သွားခဲ့ပြီး စကော့တလန်ဂိုးသမားနဲ့တိုက်မိလို့ တိုက်စစ်မှူးဗာဂါ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတော့ ဒီအသင်းကို သနားကရုဏာပါ ပိုခဲ့ရတယ်။

စကော့တလန်အသင်းက တိုက်စစ်ကစားပုံ ညံ့ဖျင်းလွန်းတာကြောင့် ဒီပွဲအရှုံးက ထိုက်တန်ပြီး ဒီထက်မကတဲ့ ဂိုးနဲ့တောင် ရှုံးခဲ့သင့်တယ်လို့ ဆိုရမယ်။ ဟန်ဂေရီဂိုးပေါက်ကို တစ်ကြိမ်တောင် မတည့်တဲ့အထိ အခြေအနေဆိုးခဲ့ပြီး ဟန်ဂေရီအသင်းရဲ့ထိုးဖောက်မှုတွေကိုသာ တစ်ပွဲလုံးအကြိမ်ကြိမ် ကာကွယ်ခဲ့ရတယ်။

ထပ်ဆောင်းအချိန်ပို (၉၀+၉)မိနစ်မှာတော့ လူစားဝင်လာတာ(၁၀)မိနစ်ကျော်လောက်ပဲရှိသေးတဲ့ ကီဗင်ဆိုဘို့သ်က ဟန်ဂေရီအတွက်အနိုင်ဂိုးသွင်းယူနိုင်ခဲ့တယ်။ ဒီပွဲမှာ အသက်(၂၃)နှစ်အရွယ် ယူရို၂၀၂၄ ရဲ့အသက်အငယ်ဆုံးအသင်းခေါင်းဆောင် ဆိုဘို့ဆလိုင်းက အရွယ်နဲ့မလိုက်တဲ့ ဦးဆောင်မှုနဲ့ ရင့်ကျက်ခြင်းကို ပြသသွားခဲ့ပြီး ပြိုင်ဘက်ပရိသတ်တွေရဲ့ ချစ်ခြင်းကိုပါ ရရှိခဲ့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *