ယူရိုပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးသာမက ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ်ပါ ရပ်တည်နိုင်ခဲ့တဲ့ စီရော်နယ်ဒို

0

ယူရိုပြိုင်ပွဲသမိုင်းမှာ ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ထားတဲ့ ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုက ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းမှာလည်း ထိပ်ဆုံးကို ရောက်လာပါတယ်။

စီရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲကို အကြိမ်အများဆုံးအဖြစ် (၆)ကြိမ်တိုင်ပါဝင်ကစားခဲ့ပြီး သွင်းဂိုး(၁၄)ဂိုးသွင်းကာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတာပါ။ အခု ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းမှာလည်း ချက်ကွင်းလယ်လူဟောင်း ပိုဘော့စကီးရဲ့စံချိန်ကို လိုက်မီခဲ့ပြီး ထိပ်ဆုံးမှာ ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။

ပိုဘော့စကီးက ယူရိုပြိုင်ပွဲမှာ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် (၈)ကြိမ်နဲ့ ဦးဆောင်နေတာကို စီရော်နယ်ဒိုက တူရကီ(ဝ-၃)ပေါ်တူဂီပွဲမှာ (၁)ဂိုးဖန်တီးပေးခဲ့ပြီး စံချိန်တူလိုက်မီခဲ့တာပါ။ ဒီပွဲမှာပေါ်တူဂီအသင်းအတွက် တတိယဂိုးကို ဘရူနိုဖာနန်ဒက်စ်သွင်းယူနိုင်အောင် ရော်နယ်လ်ဒိုက ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ယူရိုပြိုင်ပွဲမှာ စီရော်နယ်ဒိုအနေနဲ့ ဂိုးသွင်းအများဆုံး၊ ဂိုးဖန်တီးမှုအများဆုံးဖြစ်နေတာကြောင့် ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမားစာရင်းမှာလည်း (၂၂)ဂိုးနဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

လက်ရှိယူရိုပြိုင်ပွဲမှာ စီရော်နယ်ဒိုအနေနဲ့ (၂)ပွဲကစားပြီးချိန်မှာ ဂိုးမသွင်းနိုင်သေးဘဲ ဂိုးဖန်တီးမှုသာ ပြုလုပ်ထားနိုင်တာပါ။ တကယ်လို့ ဂိုးသွင်းနိုင်ခဲ့ရင် အဓိကနိုင်ငံတကာပြိုင်ပွဲကြီး (၁၀)ကြိမ်အထက် (ကမ္ဘာ့ဖလား ၅ ကြိမ်၊ ယူရို ၆ ကြိမ်)ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း စံချိန်တင်နိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *