ယူရိုပြိုင်ပွဲသမိုင်းမှာ ပွဲအများဆုံးကစားတဲ့ ဂိုးသမားအဖြစ် စံချိန်သစ်တင်ခဲ့တဲ့ နော်ယာ

0

ဂျာမနီလက်ရွေးစင်အသင်းရဲ့ဝါရင့်ဂိုးသမားမန်နူယယ်နော်ယာက ယူရို-၂၀၂၄ အုပ်စုနောက်ဆုံးပွဲစဉ် ဆွစ်ဇာလန်-(၁-၁)ဂျာမနီပွဲမှာ ပါဝင်ကစားခဲ့ပြီးနောက် ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်ပွဲအများဆုံးဂိုးသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

နော်ယာက နာမည်ကျော်အီတလီဂိုးသမားဘူဖွန်အရင်တင်ထားခဲ့တဲ့ (၁၇)ပွဲစံချိန်ကို ဒီပြိုင်ပွဲမှာ ကျော်ဖြတ်ပြီး (၁၈)ပွဲနဲ့ စံချိန်သစ်တင်ခဲ့တာပါ။

နော်ယာဟာ ဒီယူရိုပြိုင်ပွဲမတိုင်ခင် နောက်ဆုံးယူရိုပြိုင်ပွဲ(၃)ခုမှာ စုစုပေါင်းပွဲ(၁၅)ပွဲကစားထားခဲ့တာပါ။

ယူရို-၂၀၁၂ မှာ (၅)ပွဲ၊ ယူရို-၂၀၁၆ မှာ(၆)ပွဲ၊ ယူရို-၂၀၂၀ မှာ(၄)ပွဲ အသီးသီးကစားခဲ့တဲ့ နော်ယာအနေနဲ့ ယူရို-၂၀၂၄ မှာ အုပ်စုပွဲ(၃)ပွဲကစားပြီးချိန်မှာပဲ ဘူဖွန်တင်ထားခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

တကယ်လို့ ဒီပြိုင်ပွဲမှာ အိမ်ရှင်ဂျာမနီအသင်း ဗိုလ်လုပွဲအထိတက်ခဲ့ရင် နော်ယာရဲ့ယူရိုပွဲစံချိန်က (၂၂)ပွဲအထိ ရောက်ရှိမှာဖြစ်ပါတယ်။

နော်ယာ၊ ဘူဖွန်တို့ရဲ့နောက်မှာ ဗန်ဒါးဆား(နယ်သာလန်)၊ ပက်ထရီစီယို(ပေါ်တူဂီ)တို့က (၁၆)ပွဲစီ၊ လိုရစ်(ပြင်သစ်)က (၁၅)ပွဲနဲ့ ရပ်တည်နေပါတယ်။

လက်ရှိယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားသမားစာရင်းမှာလည်း နော်ယာက ပေါ်တူဂီကစားသမားတွေဖြစ်တဲ့ ရော်နယ်လ်ဒို(၂၇ ပွဲ)၊ ပေပေ(၂၁ ပွဲ)၊ မော်တင်ညို(၁၉ပွဲ)တို့နောက်ကို ရောက်လာခဲ့ပြီး အီတလီနောက်ခံလူဟောင်းဘိုနုချီ၊ ဂျာမန်ကွင်းလယ်လူဟောင်းရှဝိန်းစတိုင်ဂါတို့နဲ့အတူ (၁၈)ပွဲနဲ့ ရပ်တည်နေပါတယ်။

မော်တင်ညို၊ ဘိုနုချီ၊ ရှဝိန်းစတိုင်ဂါတို့က လက်ရွေးစင်အသင်းတွေကနေ အနားယူသွားသူတွေဖြစ်တာကြောင့် နော်ယာအနေနဲ့ သူတို့ရဲ့ပွဲမှတ်တမ်းတွေကို ကျော်ဖြတ်နိုင်ဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *