ဇွန်လ ၂၄ ရက်နေ့ရဲ့အကြိုက်ဆုံးပွဲများကြိုတင်ရင်ခုန်သံ

0

ခရိုအေးရှား – အီတလီ
(25 June 2024 / 1:30 am)

အယ်လ်ဘေးနီးယား – စပိန်
(25 June 2024 / 1:30 am)

ခရိုအေးရှား – အီတလီ

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ခရိုအေးရှားက စပိန်ကို(ဝ-၃)ဂိုးနဲ့ ဂိုးပြတ်ရှုံး၊ အယ်လ်ဘေးနီးယားနဲ့ (၂-၂)ဂိုးနဲ့ သရေကျပြီး ရမှတ်(၁)မှတ်နဲ့ ဇယားအောက်ဆုံးမှာ ရောက်နေတယ်။ နောက်တစ်ဆင့်အတွက် ချန်ပီယံအီတလီကို အနိုင်ကစားမှ ဖြစ်တော့မယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မယုံနိုင်လောက်တာတွေလုပ်ပြတတ်တဲ့ ခရိုအေးရှားက ယူရိုမှာ သိပ်မစွံတတ်သလို ဒီနှစ်ပြိုင်ပွဲမှာလည်း မျှော်မှန်းတာနဲ့ တခြားစီဖြစ်ခဲ့တယ်။ Group of Death က ခရိုအေးရှားရဲ့ကျဆင်းမှုကြောင့် ကြောက်စရာအုပ်စုမဖြစ်ခဲ့ဘဲ စပိန်အတွက်ဆိုလည်း လွယ်ကူလွန်းခဲ့တယ်။ ခရိုအေးရှားကျဆင်းရတဲ့အကြောင်းအရင်းကို လူဟောင်းတွေအပေါ်ဖက်တွယ်ထားမှုအပေါ် အပြစ်ဖို့ကြတယ်။ ဒါကလည်း မှန်သင့်သလောက်မှန်တယ်။ ကြံခိုင်မှု၊ လျှင်မြန်မှုအားပြုကစားကြတဲ့ ယူရိုလိုပြိုင်ပွဲမှာ သက်လုံလျော့တဲ့အသင်းကတော့ ခံရမှာပါပဲ။

အီတလီက ဒီပြိုင်ပွဲမှာ ဒီတိုက်စစ်နဲ့ အဆုံးအထိပြေးနိုင်ပါ့မလားလို့ မယုံကြည်သူတွေရှိကြတယ်။ ဒီပွဲမှာ နည်းပြစပယ်လက်တီအနေနဲ့ စပိန်ကိုရှုံးခဲ့တဲ့လူစာရင်းကို အနည်းငယ်အပြောင်းအလဲလုပ်နိုင်တယ်။ နောက်တန်းမှာ ဒီမာကိုမပါနိုင်တာကြောင့် ဒါမီယန်ဝင်ကစားနိုင်တယ်။ နောက်တန်းက တောင့်တင်းနေဆဲဖြစ်ပေမယ့် ရှေ့တန်းမှာတော့ အီတလီက အားနည်းချက်များတယ်။ ယူရိုပြိုင်ပွဲမတိုင်ခင်ကတည်းက အီတလီအသင်းဂိုးရဖို့ ရုန်းကန်နေရတာကို အတော်များများက ထောက်ပြကြပေမယ့် စပယ်လက်တီ မပြင်ဆင်နိုင်ခဲ့ဘူး။

ခရိုအေးရှားအနေနဲ့ အီတလီနဲ့ နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲမှာ တစ်ပွဲမှ မရှုံးအောင် ကစားနိုင်ခဲ့ပြီး (၃)ပွဲလုံးသရေကျခဲ့တယ်။ ဒီနှစ်သင်းတွေ့တိုင်း ဂိုးနည်းတဲ့အစဉ်အလာလည်းရှိတယ်။ ဒါကြောင့် ဒီပွဲလည်း အားနည်းချက်ကိုယ်စီရှိကြတဲ့ ဒီနှစ်သင်း ဘယ်အသင်းမှ အနိုင်မရဘဲ သရေကျမယ်လို့ ထင်နေမိတယ်။

အယ်လ်ဘေးနီးယား – စပိန်

(ယူရို-၂၀၂၄ အုပ်စုပွဲ)

အယ်လ်ဘေးနီးယားအသင်းက အီတလီကို (၁-၂)ဂိုးနဲ့ ရှုံးထားပေမယ့် ခရိုအေးရှားကို (၂-၂)ဂိုးနဲ့ သရေကစားနိုင်ခဲ့တာကြောင့် ခရိုအေးရှားလိုပဲ ရမှတ်(၁)မှတ်နဲ့ မျှော်လင့်ချက်ငွေ့ငွေ့ရှိနေတယ်။ ဒါပေမယ့် ကစားရမှာက စပိန်အသင်းဆိုတော့ သိပ်တော့လည်းမလွယ်ပါဘူး။

စပိန်က ရှုံးရှုံးနိုင်နိုင် အုပ်စုဗိုလ်သေချာနေပြီဆိုပေမယ့် အယ်လ်ဘေးနီးယားကို အနိုင်ပေးရလောက်အောင်တော့ အမှတ် ဝေဿန္တရာ လုပ်လိမ့်မယ်မထင်ဘူး။ စပိန်မှာ ရိုဒရီက အဝါကတ်စည်းမျဉ်းသစ်ကြောင့် ဒီပွဲလွဲမယ်။ နည်းပြ ဖြူရန်တေးစ်အနေနဲ့ ကစားသမားတချို့ကို အနားပေးပြီး ကစားချိန်နည်းနေတဲ့ ကစားသမားတွေကို ပွဲထွက်သုံးနိုင်တယ်။

စပိန်မှာ ပထမကစားသမားအတော်များများမပါဘဲ အရန်တွေပွဲထွက်မယ်ဆိုရင်တောင် အယ်လ်ဘေးနီးယားအတွက် ခက်ခဲနေဦးမှာပါ။ ဒီနှစ်သင်း သမိုင်းကြောင်းတစ်လျှောက် (၈)ကြိမ်ရင်ဆိုင်ကစားခဲ့ဖူးရာမှာ (၈)ကြိမ်စလုံး စပိန်ကပဲ အနိုင်ရခဲ့တဲ့ မှတ်တမ်းကောင်းကလည်း ရှိနေတယ်။ လက်ရှိစပိန်အသင်းက လူငယ်ခြေတက်တွေနဲ့ အတွေ့အကြုံရင့်ကစားသမားတွေ ပေါင်းစပ်မှုနဲ့ တိုက်စစ်/ခံစစ် ဟန်ချက်ညီတဲ့အသင်းတစ်သင်းအဖြစ်တွေ့နေရတယ်။

ရိုဒရီမပါတာ၊ ကစားသမားတချို့အနားပေးမှာတွေကြောင့် စပိန်နည်းနည်းလျော့မှာကို ထည့်စဉ်းစားရင်တောင် ဒီပွဲမှာ အယ်လ်ဘေးနီးယားအနိုင်ဆိုတာ အခွင့်အလမ်းနည်းပါတယ်။ စပိန်ဂိုးသိပ်မပြတ်ဘဲ အနိုင်ယူဦးမယ်လို့ ထင်နေမိတယ်။ စပိန်(၂-၁)လို ရလဒ်မျိုးတွေ့ရမယ်လို့ ခန့်မှန်းကြည့်လိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *