အီတလီရဲ့နောက်ကျချေပဂိုးကြောင့် ကံဆိုးခဲ့ရတဲ့ ခရိုအေးရှားနဲ့ (၃)ပွဲလုံးအနိုင်ယူပြီး အုပ်စုဗိုလ်ဖြစ်ခဲ့တဲ့ စပိန်

0

ခရိုအေးရှား(၁-၁)အီတလီ
အယ်လ်ဘေးနီးယား(ဝ-၁)စပိန်
(ယူရို ၂၀၂၄ အုပ်စုပွဲများ)

ကြွေတစ်လှည့်၊ ကြက်တစ်ခုန်ဆိုတဲ့စကားက ဘောလုံးပွဲတွေမှာလည်းရှိတတ်တယ်ဆိုတာ ခရိုအေးရှား-အီတလီပွဲက ထပ်ပြီးသက်သေပြသွားတယ်။

ထပ်ဆောင်းအချိန်ပိုကိုသာ (၇)မိနစ်လောက်နဲ့ အဆုံးသတ်လိုက်ရင် ခရိုအေးရှားက ရမှတ်(၄)မှတ်နဲ့ အုပ်စုဒုတိယ၊ အီတလီက ရမှတ်(၃)မှတ်နဲ့ အုပ်စုတတိယဖြစ်ခဲ့လိမ့်မယ်။

ဒါပေမယ့် အခုကတော့ အခြေအနေတွေက ကပြောင်းကပြန်ဖြစ်ခဲ့ပြီး ခရိုအေးရှားတို့အတွက် ထိချက်ပြင်းလွန်းတယ်။

အီတလီအသင်းအတွက် ချေပဂိုးကို ပွဲချိန်(၉၀+၈)မိနစ်မှာ ကွင်းလယ်လူဇက်ကာညီက သွင်းယူခဲ့တဲ့အတွက် ဒီပွဲက ခရိုအေးရှား(၁-ဝ)နဲ့ပြီးရမယ့်အစား(၁-၁)ဖြစ်သွားပြီး ရမှတ်ခွဲယူခဲ့ရတယ်။

အခုတော့ အီတလီက (၄)မှတ်နဲ့ အုပ်စုဒုတိယ၊ ခရိုအေးရှားက (၂)မှတ်နဲ့ အုပ်စုတတိယဖြစ်သွားပြီး ရမှတ်(၂)မှတ်တည်းဆိုတော့ ခရိုအေးရှားအနေနဲ့ အကောင်းဆုံးတတိယအသင်းစာရင်းဝင်ဖို့ ခဲယဉ်းလွန်းလှတယ်။

ဒီပွဲမှာ ခရိုအေးရှားအသင်းကို ဇက်ကာညီထက် ပိုပြီး ဒုက္ခပေးခဲ့တာက အီတလီဂိုးသမား ဒွန်နာရမ်မာပဲ။ ခရိုအေးရှားရဲ့အပိုင်ကန်သွင်းချက်တွေကို ကာကွယ်ခဲ့တဲ့အပြင် ပွဲချိန်(၅၄)မိနစ်မှာ ခရိုအေးရှားကွင်းလယ်လူမိုဒရစ်သွင်းခဲ့တဲ့ ပယ်နယ်တီကိုလည်း ပုတ်ထုတ်ကာကွယ်ခဲ့သေးတယ်။

ဒါပေမယ့် နောက်(၁)မိနစ်ကျော်လောက်မှာပဲ မိုဒရစ်က အနီးကပ်ပိတ်သွင်းပြီး ခရိုအေးရှားအတွက် ဦးဆောင်ဂိုးယူခဲ့တယ်။ ဒီဂိုးမှာလည်း ခရိုအေးရှားတိုက်စစ်မှူးဘူဒီမာရဲ့ကန်သွင်းချက်ကို ဒွန်နာရမ်မာက ပုတ်ထုတ်ပြီးမှ မိုဒရစ်က ပိတ်သွင်းရတာဖြစ်တယ်။

အီတလီအသင်းနောက်ပိုင်းမှာ အကြိမ်ကြိမ်ပြန်လည်ထိုးစစ်ဆင်ခဲ့ပြီး ခရိုအေးရှားက ပွဲသိမ်းခရာမှုတ်ခါနီးအထိ ကြံ့ကြံ့ခံပြီးမှ ဇက်ကာညီရဲ့ဂိုးကို ခွင့်ပြုလိုက်ရတာဖြစ်ပါတယ်။

နောက်တစ်ပွဲမှာတော့ စပိန်က (၁၃)မိနစ်မှာကတည်းက သွင်းယူထားတဲ့ ဖယ်ရန်တောရက်စ်ရဲ့ဂိုးနဲ့ အယ်လ်ဘေးနီးယားကို အနိုင်ရခဲ့တယ်။ စပိန်အသင်းက (၃)ပွဲကစား(၃)ပွဲနိုင်(၉)မှတ်နဲ့ အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး အီတလီက(၄)မှတ်၊ ခရိုအေးရှားက (၂)မှတ် ၊ အယ်လ်ဘေးနီးယားက (၁)မှတ် အသီးသီးရယူကာ အုပ်စုအဆင့်ကို အဆုံးသတ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *