ဇွန်လ ၂၅ ရက်နေ့ရဲ့အကြိုက်ဆုံးပွဲများကြိုတင်ရင်ခုန်သံ

0

နယ်သာလန် – သြစတြီးယား
(25 June 2024 / 10:30 pm)

ပြင်သစ် – ပိုလန်
(25 June 2024 / 10:30 pm)

ဒိန်းမတ် – ဆားဘီးယား
(26 June 2024 / 1:30 am)

အင်္ဂလန် – ဆလိုဗေးနီးယား
(26 June 2024 / 1:30 am)

နယ်သာလန် – သြစတြီးယား

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ဒီအုပ်စုမှာ နယ်သာလန်နဲ့ ပြင်သစ်က (၄)မှတ်စီရပြီး နောက်တစ်ဆင့်အတွက်သေချာနေပြီဖြစ်သလို၊ သြစတြီးယားကလည်း ရမှတ်(၃)မှတ်နဲ့ အနိမ့်ဆုံးတတိယနေရာသေချာနေတယ်။ ဒါပေမယ့် သြစတြီးယားရဲ့(၃)မှတ်က အကောင်းဆုံးတတိယ(၄)သင်းရွေးတဲ့အခါ On the margin မို့လို့ ဒီပွဲမှာ ရမှတ်ရအောင်တော့ ကစားမှရမယ်။

ဒါကြောင့် နယ်သာလန်အသင်းအနေနဲ့ ဒီပြိုင်ပွဲမှာ ခြေစွမ်းထက်နေတဲ့ သြစတြီးယားအသင်းကို လျှော့မတွက်ဘဲ ကစားဖို့လိုအပ်နေတယ်။ ရန်းနစ်ခ်ရဲ့သြစတြီးယားအသင်း အားသာချက်က ကွင်းလယ်မှာ ဆာဘစ်ဇာ၊ လိုင်မာ၊ ဘန်ဂတ်နာတို့လို လုပ်အားနှုန်းကောင်းတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပြီး ဘောလုံးကို ကောင်းကောင်းထိန်းချုပ်ကစားနိုင်တာဖြစ်တယ်။

ပြင်သစ်လိုအသင်းမျိုးတောင် သြစတြီးယားကို ဘောလုံးပိုင်ဆိုင်မှုအသာစီးမရခဲ့ဘူး။ ပြိုင်ဘက်ကိုလည်း ပြစ်ဒဏ်ဘောအဖြစ်ခံပြီး ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ကစားတတ်တာကြောင့် နယ်သာလန်တိုက်စစ်အနေနဲ့ အတိုင်းအတာတစ်ရပ်တော့ ရုန်းကန်ရနိုင်တယ်။ ဒီနှစ်သင်းတွေ့ဆုံမှုသမိုင်းတစ်လျှောက်မှာတော့ နယ်သာလန်က (၇)ပွဲလုံးနိုင်ထားတယ်။ ဒီ(၇)ပွဲလုံးလည်း သွင်းဂိုးအနည်းဆုံး(၂)ဂိုးနဲ့အထက် သွင်းနိုင်ခဲ့တယ်။

ဒီတစ်ကြိမ်တော့ နယ်သာလန်အရင်ပွဲတွေလောက်မလွယ်ဘူး။ သြစတြီးယားရဲ့မာကြောတဲ့ကစားပုံကြောင့် နယ်သာလန်နိုင်ရင်တောင် ဂိုးနည်းမယ်။ (၁-ဝ)လောက်နဲ့ပဲ နယ်သာလန်အနိုင်ယူမယ်လို့ ခန့်မှန်းကြည့်မိတယ်။

ပြင်သစ် – ပိုလန်

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ပြင်သစ်အသင်းမှာ နှာခေါင်းရိုးကျိုးထားတဲ့ဘာပေ ဒီပွဲ ပွဲအစကနေ ပါလာဖို့များတယ်။ ပြင်သစ်အသင်းကလည်း အင်္ဂလန်လိုပဲ (၄)မှတ်ရပြီး နောက်တစ်ဆင့်အတွက် သေချာနေပေမယ့် ခြေစွမ်းက မျှော်မှန်းသလောက်မဟုတ်လို့ ဖိအားနည်းနည်းရှိနေတယ်။

ဘာပေမပါရင်တောင် သူရမ်၊ ဂရီးဇ်မန်း၊ ဒမ်ဘီလီတို့လို ထိပ်တန်းတိုက်စစ်မှူးတွေကစားနေတဲ့ တိုက်စစ်က ဂိုးတွေသွင်းသင့်ပေမယ့် အခုအချိန်အထိ ပြင်သစ်ကစားသမားတွေ တစ်ဂိုးမှ မသွင်းနိုင်တာက ပရိသတ်တွေကို မချင့်မရဲဖြစ်စေတယ်။ ပိုလန်နဲ့ပွဲမှာ ဂိုးမပေါ်ခဲ့ဘူးဆိုရင်တော့ ပြင်သစ်ကစားသမားတွေ တစ်ဂိုးမှမသွင်းဘဲ (သြစတြီးယားနဲ့ပွဲက Own Goal ဖြစ်) အုပ်စုကနေ နောက်တစ်ဆင့်ကို တက်တဲ့ပြိုင်ပွဲဖြစ်သွားလိမ့်မယ်။

ပိုလန်ကလည်း လီဝန်ဒေါ့စကီးကိုအားထားလွန်းခဲ့တာနဲ့ နောက်တန်းအားနည်းချက်ကို နည်းပြက မပြင်ဆင်နိုင်ခဲ့တာက ဒီပြိုင်ပွဲကနေ အစောဆုံးထွက်ရတဲ့အသင်းဖြစ်ဖို့ အကြောင်းဖန်လာတယ်။ တကယ်တော့ ပိုလန်ကစားပုံက အဆိုးကြီးတော့မဟုတ်ဘူး။ ဒါပေမယ့် တစ်ဖက်အသင်းကို တိုက်စစ်ဆင်တဲ့အခါ ဘောလုံးဆုံးရှုံးပြီး တန်ပြန်တိုက်စစ်နဲ့တွေ့ရင် ပိုလန်ခံစစ်ကစားသမားတွေရဲ့ခုခံကစားပုံက အားနည်းလွန်းတယ်။

ပြင်သစ်တိုက်စစ်အနေနဲ့ ဒီပွဲမှာ ဂိုးပေါက်ပြန်ရှာနိုင်မယ်လို့ မျှော်လင့်မိတယ်။ အုပ်စုက ထွက်ရပြီးသား ပိုလန်အနေနဲ့ သိက္ခာဆယ်ရမှတ်ရအောင် ကစားမှာဖြစ်ပေမယ့် တကယ်ရဖို့သိပ်မလွယ်ပါဘူး။ ပြင်သစ်(၂-ဝ)(၃-၁)အနိုင်လို ရလဒ်တွေကို တွေ့ရမယ်။

ဒိန်းမတ် – ဆားဘီးယား

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ဒီအုပ်စုမှာ အင်္ဂလန်က ဆားဘီးယားကိုနိုင်၊ ဒိန်းမတ်ကိုသရေကစားထားလို့ (၄)မှတ်ရပြီး နောက်တစ်ဆင့်အတွက် သေချာသွားပေမယ့် (၂)မှတ်စီရထားတဲ့ ဒိန်းမတ်နဲ့ ဆလိုဗေးနီးယား၊ (၁)မှတ် ရထားတဲ့ဆားဘီးယားက အုပ်စုကမပြုတ်ဖို့ ကြိုးစားရမယ်။

ဒိန်းမတ်က ပွဲဦးထွက် ဆလိုဗေးနီးယားနဲ့ပွဲမှာ သရေကျပေမယ့် ခြေစွမ်းပိုင်းအသာစီးက ကစားခဲ့သလို ဂိုးအခွင့်အရေးတွေလည်းပိုရခဲ့တယ်။ အင်္ဂလန်နဲ့ပွဲမှာလည်း နာမည်ကြီးအင်္ဂလန်အသင်းကို အခက်တွေ့အောင် ကစားပြနိုင်ခဲ့တယ်။ ကွင်းလယ်မှာ မာမာထန်ထန်နဲ့ box-to-box ကစားတဲ့ စပါးကွင်းလယ်လူ ဟူဘယက်နဲ့ အဲရစ်ဆင်တို့ရဲ့မောင်းနှင်အားနဲ့ ပြိုင်ဘက်အသင်းတွေကို ကောင်းကောင်းလွှမ်းမိုးကစားနိုင်ခဲ့တယ်။

ဆားဘီးယားကလည်း အင်္ဂလန်ကို ရှုံးခဲ့ပေမယ့် ခြေမရှုံးခဲ့သလို၊ ဆလိုဗေးနီးယားနဲ့ပွဲမှာလည်း ပွဲကို စိုးမိုးကစားနိုင်ခဲ့တယ်။ ဗလာဟိုဗစ်၊ မီထရိုဗစ်တို့ ဂိုးအခွင့်အရေးတွေကို ဖြုန်းတီးပစ်တာကြောင့် နိုင်ပွဲနဲ့လွဲရတဲ့အပြင် နောက်ဆုံးမိနစ်ချေပဂိုးနဲ့ သရေယူခဲ့ရတာဖြစ်တယ်။

နှစ်သင်းစလုံးမှာ ဥရောပထိပ်တန်းကလပ်တွေမှာ ကစားနေကြတဲ့ အတွေ့အကြုံရင့်ကစားသမားတွေ များစွာပါဝင်နေသလို တိုက်စစ်ရော၊ ခံစစ်ပါ တောင့်တင်းတဲ့အသင်းတွေ ဖြစ်ကြတယ်။ နိုင်ပွဲကိုလိုအပ်နေကြပေမယ့် ခြေစွမ်းချင်း သိပ်မကွာတဲ့အသင်းတွေဖြစ်တာကြောင့် သရေကျသွားမယ်လို့ ထင်နေမိတယ်။ (၁-၁)လိုရလဒ်ကိုပဲ ကြိုက်မိတယ်။

အင်္ဂလန် – ဆလိုဗေးနီးယား

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမား၊ ဘွန်ဒစ်လီဂါအကောင်းဆုံးကစားသမား၊ ဥရောပရွှေဖိနပ်ဆုရှင် အစရှိတဲ့ ဒိတ်ဒိတ်ကြဲကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂလန်တိုက်စစ်က ပြိုင်ဘက်အသင်းတွေလောက်တောင် ဂိုးပေါက်ကို မခြိမ်းခြောက်နိုင်တာက အင်္ဂလန်အသင်းကို ပရိသတ်တွေအသည်းပေါက်ပြီး ဘောလုံးဝေဖန်သူတွေ ကဲ့ရဲ့ရှုတ်ချစရာဖြစ်ခဲ့ရတယ်။

အင်္ဂလန်က ဆားဘီးယားပွဲမှာလည်း ဂိုးကန်ချက်(Total Shots) အသာမရခဲ့သလို ဒိန်းမတ်နဲ့ပွဲမှာလည်း ဂိုးကန်ချက်ရော၊ ဂိုးပေါက်တည့်ကန်ချက်(Shots on Target) ပါ အသာစီးမရခဲ့ဘူး။ အဓိက ပြဿနာက နည်းပြဆောက်ဂိတ်ရဲ့ရိုးစင်းတဲ့ကစားကွက်၊ ပြိုင်ဘက်တွေခန့်မှန်းရလွယ်ကူတဲ့ နည်းဗျူဟာပဲ။ ဒါကို ဆောက်ဂိတ်က မပြုပြင်နိုင်သေးဘဲ ခေါင်းမာမာနဲ့ ရှေ့ဆက်နေဆဲပဲ။

အင်္ဂလန်အသင်းရဲ့ Line up၊ ကစားသမားတွေရဲ့ Function၊ ကစားမယ့်ပုံစံတွေက ပြိုင်ဘက်နည်းပြတွေမပြောနဲ့။ ပရိသတ်တွေတောင် အလွယ်တကူခန့်မှန်းနိုင်တယ်။ ဒါကြောင့် ဒီအသင်းက ရုန်းကန်နေရတာ အံအားသင့်စရာတော့မဟုတ်ဘူး။

ဆလိုဗေးနီးယားက ဒိန်းမတ်နဲ့ပွဲမှာရော၊ ဆားဘီးယားနဲ့ပွဲမှာပါ ခံစစ်ကို အားပြုပြီး တန်ပြန်တိုက်စစ်တွေကနေ လျင်လျင်မြန်မြန်တုံ့ပြန်ကစားတတ်တာကိုတွေ့ရတယ်။ နာမည်ကြီးဂိုးသမားအိုဘလက်ခ်ကို ပိုင်ဆိုင်ထားတဲ့အပြင် ယန်ဇာ၊ ဘီယိုလ်၊ ဒရာကူဆစ် အစရှိတဲ့ မာကြောတဲ့ခံစစ်ကစားသမားတွေရှိနေတဲ့ ဆလိုဗေးနီးယားနောက်တန်းက တော်ရုံတန်ရုံထိုးဖောက်ဖို့မလွယ်ဘူး။

ပြိုင်ဘက်ကို ဘောလုံးပေးကိုင်ပြီး ခံစစ်ယိုင်တဲ့ ဆလိုဗေးနီးယားကြောင့် ဒီပွဲမှာတော့ ရှေ့ပွဲတွေထက် အင်္ဂလန်လွယ်ကူမယ်လို့ မျှော်လင့်ရတယ်။ သိပ်သည်းတဲ့ဆလိုဗေးနီးယားခံစစ်ကို ဟာရီကိန်းတို့တစ်သိုက် ထိုးဖောက်နိုင်ဖို့ပဲလိုတယ်။ ဒီပွဲတော့ အင်္ဂလန်အသင်း ပရိသတ်အကြိုက်ကစားပြပြီး (၂)ဂိုးလောက်တော့ အနည်းဆုံးပြတ်ပြီး အနိုင်ယူမယ်ထင်တယ်။ အင်္ဂလန်(၂-ဝ)(၃-၁)လို ရလဒ်တွေကို တွေ့ရဖို့ မျှော်လင့်မိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *