ဇွန် ၂၆ ရက်နေ့ရဲ့အကြိုက်ဆုံးပွဲများကြိုတင်ရင်ခုန်သံ

0

ဆလိုဗက်ကီးယား – ရိုမေးနီးယား
(26 June 2024 / 10:30 pm)

ယူကရိန်း – ဘယ်လ်ဂျီယံ
(26 June 2024 / 10:30 pm)

ဂျော်ဂျီယာ – ပေါ်တူဂီ
(26 June 2024 / 1:30 am)

ချက် – တူရကီ
(26 June 2024 / 1:30 am)

ဆလိုဗက်ကီးယား – ရိုမေးနီးယား

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ဒီအုပ်စုက ပြိုင်ပွဲဝင် (၄)သင်းစလုံး (၁)ပွဲနိုင်(၁)ပွဲရှုံးနဲ့ (၃)မှတ်စီရထားကြတယ်။ ဒီအုပ်စုမှာ ဘယ်လ်ဂျီယံကလွဲလို့ ကျန်(၃)သင်းက ခြေစွမ်းကွာဟချက် ကြီးကြီးမားမားမရှိပါဘူး။

နယူးကာဆယ်ဂိုးသမားဒူဘရေကာ၊ PSG နောက်ခံလူ ရှကရီညာတို့ ဦးဆောင်ကစားနေတဲ့ ဆလိုဗက်ကီးယား ခံစစ်က တောင့်တင်းခိုင်မာတဲ့ ခံစစ်လို့ ပြောလို့ရတယ်။ တိုက်စစ်မှာလည်း ရှရန်ဇ်က ခြေစွမ်းပြနေပြီး (၂)ပွဲဆက်ဂိုးသွင်းထားတယ်။ ဆလိုဗက်ကီးယားအသင်းရဲ့ ခံစစ်အားပြုပြီး လျှင်မြန်တဲ့ Quick counter-attack ကစားပုံက ပြိုင်ဘက်အသင်းတွေအတွက် အန္တရာယ်ရှိတာတော့ အမှန်ပဲ။

ရိုမေးနီးယားက တစ်ဦးကောင်းတစ်ယောက်ကောင်း ချွန်ထွက်နေတဲ့ ကစားသမားမျိုးမရှိဘဲ အသင်းလိုက် စုစည်းမှုအားနဲ့ ကစားတဲ့အသင်းဖြစ်တယ်။ မာရင်နှစ်ယောက်(ညီအစ်ကိုမဟုတ်)နဲ့ စတန်စီယူတို့ ကစားနေတဲ့ ရိုမေးနီးယားကွင်းလယ်က တော်ရုံအသင်းကို ရင်ဆိုင်နိုင်တဲ့ မာကြောမှုရှိတယ်။

ဒီနှစ်သင်းယှဉ်ရင် ကစားသမားစုဖွဲ့မှုနဲ့ ကစားပုံမှာတော့ ဆလိုဗက်ကီးယားက နည်းနည်းသာပါတယ်။ နှစ်သင်းခြေစွမ်းချင်း ကွာဟမှုမကြီးမားတာကြောင့် သရေကျနိုင်ပေမယ့် ဆလိုဗက်ကီးယား ကစားပုံကို ပိုကြိုက်တာကြောင့် ဒီပွဲ ဆလိုဗက်ကီးယားပဲ ရွေးချင်တယ်။ ဂိုးနည်းနိုင်တယ်။

ယူကရိန်း – ဘယ်လ်ဂျီယံ

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ယူကရိန်းက ပွဲဦးမှာ ရိုမေးနီးယားကို မထင်မှတ်ဘဲ (၃)ဂိုးအထိ ပေးခဲ့ရပြီး ဂိုးပြတ်ရှုံးခဲ့ရတယ်။ ဒါပေမယ့် အဲဒီပွဲမှာ ဘောလုံးခြေထဲ တစ်ချိန်လုံးလိုလို ကိုင်ထားတာက ယူကရိန်းသာ ဖြစ်ပြီး ရိုမေးနီးယားခံစစ်ကို တိုးမပေါက်ဘဲ ကန်သမျှ ဘေးထွက်၊ လူမှန် ဖြစ်ခဲ့ရတာပါ။ ဆလိုဗက်ကီးယားနဲ့ပွဲမှာတော့ သူတို့ရဲ့တိုက်စစ်ခြေစွမ်းကို ပြန်ပြခဲ့ပြီး (၂-၁)နဲ့ ပြန်အနိုင်ယူခဲ့တယ်။ ဥရောပထိပ်တန်းလိဂ်တွေမှာ ကစားနေကြတဲ့ ကစားသမားအများအပြားပါဝင်တဲ့ ယူကရိန်းအနေနဲ့ အသင်းကြီးတွေကို ခံကစားနိုင်တဲ့အရည်အသွေးရှိတယ်ဆိုတာ ခြေစမ်းပွဲမှာ ဂျာမနီကို သရေကစားပြီး ပြထားတယ်။

ဘယ်လ်ဂျီယံက လက်ရှိအုပ်စုတွင်းပြိုင်ဘက်တွေထက် ခေါင်းတစ်လုံးသာနေတဲ့ အနေအထားရှိပြီး အုပ်စုအဆင့်မှာ တစ်ကြိမ်ထက်ပိုမမှားသင့်တာတော့ အမှန်ပဲ။ ဒိုကူ၊ ထရော့ဆာဒ်တို့ရဲ့တောင်ပံတိုက်စစ်တွေ၊ ဒီဘရိုင်းနားရဲ့ ကွင်းလယ်ဖန်တီးမှုအားတွေနဲ့ ဝန်းရံထားတဲ့ လူကာကူ ဒီပွဲမှာတော့ ဂိုးပေါ်ဖို့ များပါတယ်။

ဘယ်လ်ဂျီယံက တစ်ပွဲပြီးတစ်ပွဲပိုကောင်းလာမယ်လို့ ယူဆရပြီး နိုင်ပွဲဆက်နိုင်တဲ့ အလားအလာလည်းရှိပါတယ်။ ယူကရိန်းကလည်း ပထမပွဲထက် ကစားပုံပိုကောင်းလာလို့ ဘယ်လ်ဂျီယံပြတ်ပြတ်သားသားနိုင်ဖို့တော့ မမျှော်လင့်သင့်ဘူး။ ဘယ်လ်ဂျီယံ(၂-၁)(၃-၂)လို ဂိုးပေါင်းများတဲ့ရလဒ်တွေ ကြိုက်ပါတယ်။

ဂျော်ဂျီယာ – ပေါ်တူဂီ

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ဂျော်ဂျီယာက တူရကီနဲ့ပွဲမှာ (၁-၃)ဂိုးနဲ့ ကောင်းရှုံးရှုံးခဲ့ပြီး ချက်နဲ့ပွဲမှာတော့ သရေတစ်မှတ်ရအောင် ယူခဲ့တယ်။ ဒီပြိုင်ပွဲမှာ အားအနည်းဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရပေမယ့် ခြေစွမ်းခြေစ မသေးတဲ့အသင်းတစ်သင်းအဖြစ် မြင်ရတယ်။

ဒါပေမယ့် အသင်းတစ်သင်း ဘယ်လောက်ကောင်းတယ်ပြောပြော Class ဆိုတဲ့အရာက ရှိသေးတယ်။ ပေါ်တူဂီအသင်းရဲ့ ခြေစွမ်းအဆင့်အတန်းနဲ့ ဂျော်ဂျီယာ ယှဉ်လိုက်ရင် ကွာဟချက်များပါတယ်။ ဒါမျိုးကို တူရကီနဲ့ ပေါ်တူဂီပွဲမှာလည်း မြင်ခဲ့ရတယ်။ အသင်းကြီး တစ်သင်းအနေနဲ့ ပေါ်တူဂီကလည်း တဖြည်းဖြည်းအရှိန်ရလာတဲ့ အနေအထားမျိုးတွေ့ရတယ်။

စီရော်နယ်ဒိုကလည်း စံချိန်ပေါင်းများစွာအတွက် ခက်ခဲမယ့်နောက်အဆင့်တွေမတိုင်ခင် ဒီပွဲတော့ ဂိုးရအောင်သွင်းလိမ့်မယ်ထင်တယ်။ ဂျော်ဂျီယာရဲ့ ကြိုးစားမှုကိုသာ အသိအမှတ်ပြုရမှာဖြစ်ပြီး ပွဲပြီးရင်တော့ ဂိုးကွာဟချက်များတာကို တွေ့ရမယ့်ပွဲမျိုးပါ။ ပေါ်တူဂီ အနိမ့်ဆုံး(၂)ဂိုးနဲ့ အထက်ပြတ်ပြီး နိုင်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ချက် – တူရကီ

(ယူရို-၂၀၂၄ အုပ်စုပွဲ)

ချက်က ခရိုအေးရှားလိုပဲ ဒီပြိုင်ပွဲရဲ့ကံဆိုးတဲ့အသင်းတွေထဲမှာ ပါတယ်။ ပေါ်တူဂီနဲ့ပွဲမှာ ဦးဆောင်ဂိုးရထားပြီးမှ Own Goal ပေးခဲ့ရတယ်။ ပွဲပြီးခါနီး အနိုင်ဂိုးထပ်ပေးပြီး ရှုံးခဲ့ရတယ်။ ဂျော်ဂျီယာနဲ့ပွဲမှာလည်း ခြေအသာကစားနိုင်ပေမယ့် ပယ်နယ်တီတစ်လုံးပေးခဲ့ရပြီး နောက်ကလိုက်ကစားရတယ်။ ချေပဂိုးတစ်ဂိုးပဲ ပြန်သွင်းနိုင်ခဲ့တယ်။ ဒီကြားထဲ အဓိကတိုက်စစ်မှူး ပက်ထရစ်ရှစ်ကလည်း ဒဏ်ရာရခဲ့သေးတယ်။ ဘာပဲဖြစ်ဖြစ် တစ်မှတ်နဲ့ အသက်ရှိသေးတော့ တူရကီဆီက နိုင်မှတ်ရဖို့ ကြိုးစားရမယ်။

တူရကီက စပိန်လိုပဲ ဆယ်ကျော်သက်တွေနဲ့ အတွေ့အကြုံရှိသူတွေ ပေါင်းစပ်ပြီး ကစားနေတဲ့အသင်းဖြစ်တယ်။ တိုက်စစ်ပိုင်းက သိပ်ပြောစရာမရှိပေမယ့် တူရကီခံစစ်ကတော့ တည်ငြိမ်မှုနည်းလွန်းလှတယ်။ ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲတွေမှာလည်း တူရကီအနေနဲ့ ဂိုးတွေအတော်များများပေးခဲ့ရပြီး ဒါကို နည်းပြမွန်တဲလားက ပြန်မပြင်နိုင်သေးဘူး။

ချက်ကို နောက်ဆုံးတွေ့ဆုံမှု(၃)ကြိမ်စလုံး တူရကီက အနိုင်ကစားထားတဲ့ အားသာချက်တော့ရှိတယ်။ ဒါပေမယ့် ပွဲတွေက ကြာခဲ့ပြီဆိုတော့ ဒါက သိပ်အရေးမပါလောက်ဘူး။ နှစ်သင်းစလုံး ရမှတ်လိုအပ်နေတဲ့ပွဲဖြစ်လို့ အပြန်အလှန်ဂိုးတွေသွင်းရင်း သရေကျမယ်လို့ ထင်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *