နာမည်ကြီးနယ်သာလန်အသင်းကို ဩစတြီးယားအနိုင်ယူပြီး ပြင်သစ်၊ အင်္ဂလန်တို့ နိုင်ပွဲဆက်ပျောက်ခဲ့တဲ့ ယူရို

0

နယ်သာလန် (၂-၃) သြစတြီးယား
ပြင်သစ် (၁-၁) ပိုလန်
အင်္ဂလန် (ဝ-၀) ဆလိုဗေးနီးယား
ဒိန်းမတ် (ဝ-၀) ဆားဘီးယား

ဒီယူရိုပြိုင်ပွဲမှာ အုပ်စု(B)ကို Group of Death လို့ သတ်မှတ်ရင် အင်္ဂလန်ပါတဲ့ အုပ်စု(C)ကိုတော့ Group of Boring လို့ သတ်မှတ်ရလိမ့်မယ်။ အုပ်စုအဆုံးအဖြတ် နောက်ဆုံးပွဲတွေကစားရပေမယ့် (၄)သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့ဘဲ ပျင်းရိဖွယ်ရာအကောင်းဆုံးအုပ်စု ဆိုတာကို ပြသခဲ့တယ်။

အုပ်စု(D)မှာတော့ ဂျာမန်လူမျိုးနည်းပြရန်းနစ်ခ်ကိုင်တွယ်နေတဲ့ သြစတြီးယားအသင်းက အားလုံးကို မထင်မှတ်တာတွေလုပ်ပြခဲ့ပြီး နာမည်ကြီး ပြင်သစ်၊ နယ်သာလန်တို့အပေါ် အုပ်စုဗိုလ်နေရာအထိပါ တက်ယူလိုက်ပါတယ်။

နဂိုတည်းကမှ သြစတြီးယားအသင်းက ခြေစွမ်းထက်နေလို့ ကြောက်စရာအသင်းဖြစ်နေပါတယ်ဆိုမှ နယ်သာလန်တောင်ပံတိုက်စစ်ကစားသမားမယ်လန်က ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုလံဘီယာနောက်ခံလူ အက်စ်ကိုဘာ Own Goal သွင်းခဲ့တဲ့ပုံစံအတိုင်း မိမိဂိုးဘက်ကို အားရပါးရကန်ပြီး သြစတြီးယားအသင်းကို လက်ဆောင်ဂိုး စပေးလိုက်တယ်။

နယ်သာလန်တောင်ပံတိုက်စစ်ကစားသမားမယ်လန်ရဲ့ Own Goal

ပွဲချိန်(၆)မိနစ်မှာကတည်းက အလှူလုပ်ခဲ့တဲ့ဒီ Own Goal က ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံး Own Goal အဖြစ်လည်း စံချိန်တင်သွားစေခဲ့တယ်။ ဒုတိယပိုင်းအစမှာ ဂတ်ပိုက နယ်သာလန်အတွက် ပြန်ချေပပေမယ့် ရှမစ်က (၅၉)မိနစ်မှာ သြစတြီးယားအတွက် အပိုင်ခေါင်းတိုက်ချက်နဲ့ ဦးဆောင်ဂိုးပြန်သွင်းခဲ့တယ်။ (၇၅)မိနစ်မှာ ဒီပိုင်းက နယ်သာလန်အတွက် ပြန်ချေပခဲ့ပြီး နောက်(၅)မိနစ်မှာတော့ ဒီပြိုင်ပွဲမှာ သြစတြီးယားအတွက် ခြေစွမ်းပြနေတဲ့ ဆာဘစ်ဇာက အနီးကပ်အနိုင်ဂိုးသွင်းခဲ့ပြီး လိမ္မော်ရောင်တပ်သားတွေကို အသည်းခွဲခဲ့ပါတယ်။

နောက်တစ်ပွဲမှာ ပြင်သစ်ကလည်း ပိုလန်ကို အနိုင်မရခဲ့ဘဲ နှစ်သင်းစလုံး ပယ်နယ်တီ(၁)ဂိုးစီနဲ့ သရေကျခဲ့တယ်။ ဒါပေမယ့် ဒီပွဲမှာ ပြင်သစ်အသင်း ကစားပုံမညံ့ခဲ့ဘဲ ဘာပေကလည်း အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ပိုလန်ဂိုးပေါက်ကို အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့တယ်။

ပိုလန်ဂိုးသမား ရှရပ်စကီး မထင်မှတ်လောက်အောင် ကောင်းလွန်းပြီး ပြင်သစ်အသင်းရဲ့အပိုင်ကန်ချက်တွေကို အကြိမ်ကြိမ်ပုတ်ထုတ်ကာကွယ်ခဲ့လို့ ပြင်သစ်နိုင်ပွဲနဲ့ ဝေးခဲ့ရတာဖြစ်ပါတယ်။ ပြင်သစ်အသင်းအတွက် ပယ်နယ်တီကို ပွဲချိန်(၅၆)မိနစ်မှာ ဘာပေက သွင်းယူခဲ့ပြီး ပိုလန်အတွက် ပယ်နယ်တီကို ပွဲချိန်(၇၉)မိနစ်မှာ လီဝန်ဒေါစကီးက နှစ်ခါပြန်(ဂိုးသမားရှေ့ထွက်ဖမ်းလို့) သွင်းယူခဲ့ပါတယ်။

ဒီအုပ်စုမှာ သြစတြီးယားက (၆)မှတ်နဲ့ အုပ်စုဗိုလ်၊ ပြင်သစ်က (၅)မှတ်နဲ့ အုပ်စုဒုတိယရပ်တည်ခဲ့ပြီး နယ်သာလန်ကတော့ (၄)မှတ်နဲ့ နောက်တစ်ဆင့်ကို တက်ခဲ့ပါတယ်။ ပိုလန်ကတော့ (၁)မှတ်နဲ့ ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ နောက်ဆုံးပွဲမှာ အများကြီးလုပ်ပြနိုင်မယ်လို့ ထင်ထားခဲ့ပေမယ့် ဆလိုဗေးနီးယားနောက်တန်းနဲ့ ဂိုးသမားကို မကျော်နိုင်ဘဲ ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးခဲ့ရတယ်။ ဘောလုံးကို ခြေထဲမှာ အချိန်များများကိုင်ထားရပေမယ့် အင်္ဂလန်တိုက်စစ်ရဲ့ဖန်တီးမှုစွမ်းရည်က နည်းပါးသလို၊ တိုက်စစ်မှူးတွေရဲ့အဆုံးသတ်အားနည်းချက်တွေကြောင့်လည်း ဂိုးမရခဲ့တာပါ။

အင်္ဂလန်အသင်း အားအထားရဆုံးကွင်းလယ်လူ ဘယ်လင်ဂမ်တောင် ဒီပွဲမှာ ဘာမှမယ်မယ်ရရ လုပ်မပြနိုင်ခဲ့ဘဲ ခြေစွမ်းပြနေတဲ့ ဆလိုဗေးနီးယားနောက်ခံလူဘီယိုလ်အပါအဝင် တစ်ဖက်နောက်တန်းကို ထိုးဖောက်ဖို့ ခက်ခဲခဲ့ပါတယ်။
ဆလိုဗေးနီးယား ပယ်နယ်တီစည်းထဲဝင်ဖို့ ခက်ခဲနေလို့ ပယ်နယ်စည်းအပြင်ကနေ ကန်သွင်းနေတဲ့ အင်္ဂလန်အသင်းရဲ့ကန်သွင်းချက်တွေက ဆလိုဗေးနီးယားဂိုးသမား အိုဘလက်အတွက် ဖမ်းဖို့မခက်ခဲသလို တချို့ကန်ချက်တွေကလည်း ဘေးထွက်၊ အပေါ်ချော်နဲ့ အကျိုးမရှိဖြစ်ခဲ့ပါတယ်။

နောက်တစ်ပွဲဖြစ်တဲ့ ဒိန်းမတ်-ဆားဘီးယားပွဲကလည်း ပျင်းစရာပွဲတစ်ပွဲဖြစ်ခဲ့ပြီး နှစ်သင်းစလုံး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေမလုပ်နိုင်ဘဲ ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒီအုပ်စုမှာ ကစားခဲ့တဲ့ (၆)ပွဲပေါင်းမှ (၇)ဂိုးသာရှိခဲ့ပြီး ဂိုးခန်းခြောက်တဲ့အုပ်စုဖြစ်ခဲ့ပါတယ်။

အင်္ဂလန်က ရမှတ်(၅)မှတ်နဲ့ အုပ်စုဗိုလ်ဖြစ်ခဲ့တာကြောင့် အိမ်ရှင်ဂျာမနီကို ရှောင်နိုင်ခဲ့ပြီး ဒိန်းမတ်က အုပ်စုဒုတိယ၊ ဆလိုဗေးနီးယားက တတိယ ရခဲ့ပါတယ်။ ဒီနှစ်သင်းက ရမှတ်(၃)မှတ်စီလည်းတူ၊ Head to Head မှာလည်းသရေကျ၊ ရဂိုး(၂)ဂိုးစီ၊ ပေးဂိုး(၂)ဂိုးစီလည်းတူနေတာကြောင့် စည်းကမ်းပိုင်းရမှတ်နဲ့ ဆုံးဖြတ်ခဲ့ရပြီး ဆလိုဗေးနီးယားက အဝါကတ်တစ်ကတ်ပိုနေတာကြောင့် တစ်မှတ်နိမ့်ပြီး အုပ်စုတတိယနေရာသာ ရခဲ့တာပါ။

အုပ်စုဒုတိယရတဲ့ ဒိန်းမတ်အနေနဲ့ အိမ်ရှင်ဂျာမနီနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *