နာမည်ကြီးပေါ်တူဂီကို ဂျော်ဂျီယာ အနိုင်ယူခဲ့ပြီး နောက်တစ်ဆင့်တက်ရောက်ခွင့်ရခဲ့တဲ့ ယူရို-၂၀၂၄

0

ဆလိုဗက်ကီးယား (၁-၁)ရိုမေးနီးယား
ယူကရိန်း (ဝ-၀) ဘယ်လ်ဂျီယံ
ချက် (၁-၂) တူရကီ
ဂျော်ဂျီယာ (၂-ဝ) ပေါ်တူဂီ
(ယူရို-၂၀၂၄ အုပ်စုနောက်ဆုံးပွဲများ)

ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းတွေထဲမှာ ကမ္ဘာ့အဆင့် အနိမ့်ဆုံးအဖြစ် အဆင့်(၇၅)သာရှိတဲ့ ဂျော်ဂျီယာအသင်းက ကမ္ဘာ့အဆင့်(၆) ပေါ်တူဂီအသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး Round of 16 တက်ရောက်မယ့် အသင်းများစာရင်းမှာ ပါဝင်လာခဲ့တယ်။

ပေါ်တူဂီအသင်းမှာ နည်းပြမာတီနက်ဇ်က စီရော်နယ်ဒိုနဲ့ ကွင်းလယ်လူ ပယ်ဟင်ညာကို အသုံးပြုခဲ့တာကလွဲလို့ ကျန်နေရာအသီးသီးမှာ ကစားသမားအပြောင်းအလဲတွေ လုပ်ခဲ့တယ်။

ဒါကြောင့် အားနည်းသွားတဲ့ ပေါ်တူဂီကို ဂျော်ဂျီယာက ကောင်းကောင်းပညာပေးခဲ့ပြီး နာပိုလီတောင်ပံကစားသမား ကဗာရာရှက်ခလီယာက အကောင်းဆုံးခြေစွမ်းပြကစားတဲ့အပြင် ပွဲချိန်(၂)မိနစ်မှာကတည်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တယ်။

ပေါ်တူဂီအတွက် စီရော်နယ်ဒိုက ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် သူကန်တဲ့ ဖရီးကစ်ဘောလုံးကို ဂျော်ဂျီယာ ဂိုးသမားက ပုတ်ထုတ်ခဲ့သလို၊ တချို့ကန်ချက်တွေကလည်း ဂိုးနဲ့ တေ့လွဲလွဲခဲ့ရတယ်။

ဒုတိယပိုင်း ပွဲချိန်(၅၇)မိနစ်မှာ ပေါ်တူဂီနောက်ခံလူ အန်တိုနီယိုဆေးလ်ဗားက ပယ်နယ်တီထဲ ဘောလုံးဆွဲပြေးလာတဲ့ဂျော်ဂျီယာနောက်ခံလူ လိုချိုရှဗီလီကို ဖြတ်ကန်ပြီး တားဆီးသလို ဖြစ်တာကြောင့် ပယ်နယ်တီပေးခဲ့ရပြီး ဒီပယ်နယ်တီကို မီကူတာဇီက ကန်သွင်းခဲ့ပါတယ်။

မီကူတာဇီဟာ အုပ်စုပွဲ(၃)ပွဲစလုံး ဂိုးသွင်းယူပေးခဲ့ပြီး ဒီယူရိုပြိုင်ပွဲရဲ့ဂိုးအများဆုံးသွင်းသူများစာရင်းမှာ ဦးဆောင်နေပါတယ်။

နောက်တစ်ပွဲမှာ တူရကီအသင်းက ချက်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒီပွဲက အနီ/အဝါကတ်တွေ ပလူပျံခဲ့တဲ့ ပွဲကြမ်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် ချက်အသင်းက ရမှတ်(၁)မှတ်နဲ့ အုပ်စုကလှည့်ပြန်ရပြီး ပေါ်တူဂီနဲ့ တူရကီက (၆)မှတ်၊ ဂျော်ဂျီယာက (၄)မှတ်နဲ့ နောက်တစ်ဆင့်ကို တက်ခဲ့ကြပါတယ်။

ဒီပွဲတွေမတိုင်ခင်ကစားခဲ့တဲ့ အုပ်စု(E)ကတော့ ကြိုတင်တိုင်ပင်ထားတဲ့အလား နှစ်ပွဲစလုံးသရေကျပြီး (၁)မှတ်စီသာ ခွဲယူခဲ့ကြပါတယ်။ ဒါကြောင့် (၄)သင်းစလုံး ရမှတ်(၄)မှတ်စီနဲ့ အတူတူဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဂိုးကွာခြားချက်တွေမှာ မတူညီတာကြောင့် (+၁ ဂိုး)စီ ရထားတဲ့ ရိုမေးနီးယားနဲ့ ဘယ်လ်ဂျီယံက အုပ်စု ပထမ၊ ဒုတိယနေရာတွေကနေ နောက်တစ်ဆင့်ကို တက်ခွင့်ရခဲ့ပါတယ်။ ဆလိုဗက်ကီးယားလည်း အကောင်းဆုံးတတိယနေရာရအသင်းတွေထဲမှာပါဝင်ခဲ့လို့ နောက်တစ်ဆင့်ကို သာသာယာယာ တက်ရောက်နိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *