အီတလီအသင်းနည်းစနစ်တွေ ပြင်ပကို ပေါက်ကြားလို့ ဒေါသပေါက်ကွဲနေတဲ့ စပယ်လက်တီ

0

အီတလီအသင်းနည်းပြစပယ်လက်တီဟာ သူ့အသင်းရဲ့နည်းစနစ်တွေ ပြင်ပကို ပေါက်ကြားနေခြင်းအတွက် ဒေါသထွက်နေပြး အသင်းမှာ သတင်းရောင်းစားနေသူတွေရှိတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

အီတလီအသင်းဟာ ပြီးခဲ့တဲ့ အုပ်စုပွဲစဉ်(၂)ပွဲဖြစ်တဲ့ အယ်လ်ဘေးနီးယား၊ စပိန်အသင်းတို့နဲ့ ကစားခဲ့တဲ့ပွဲတွေမှာ ၄-၃-၃ ကစားကွက်ကိုသာ သုံးစွဲခဲ့ပေမယ့် အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ခရိုအေးရှားနဲ့ပွဲမှာတော့ ၃-၅-၂ ကစားကွက်ကိုအသုံးပြုပြီး ကစားသမားတွေကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။

ဒီလို ကစားကွက်ပြောင်းလဲတာနဲ့ပတ်သက်ပြီး အီတလီ(၁-၁)ခရိုအေးရှားပွဲအပြီးမှာ ဂျာနယ်လစ်တစ်ယောက်ကမေးမြန်းခဲ့တဲ့အခါ စပယ်လက်တီက အသင်းမှာ သတင်းပေါက်ကြားမှုရှိတဲ့ ကိစ္စကို ဒေါသတကြီးပြောသွားခဲ့တာပါ။

စပယ်လက်တီက အသင်းမှာ သူအသုံးပြုမယ့် Formation နဲ့ လူစာရင်းတွေက ပွဲမတိုင်ခင်မှာ မီဒီယာတွေဆီကို ပေါက်ကြားနေကြောင်း၊ ဒီလို ပြင်ပကို အတွင်းရေးသတင်းတွေရောက်ပြီး နည်းစနစ်တွေပေါက်ကြားတာက အီတလီအသင်းကို များစွာထိခိုက်စေကြောင်း ပြောခဲ့ပါတယ်။

စပယ်လက်တီက အီတလီအသင်းရဲ့ခြေစွမ်းကို ဝေဖန်ပြောဆိုနေကြသူတွေကိုလည်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ အီတလီအသင်းကို အားလုံးက ပြိုင်ပွဲကနေ ထွက်စေချင်နေကြတယ်လို့ စပယ်လက်တီက ပြောခဲ့တာပါ။

”ကျွန်တော့်အနေနဲ့ လိုအပ်တာထက်ပိုတဲ့ စိတ်ပူပန်မှုတွေမထားတော့ပါဘူး။ ကျွန်တော့်ပုခုံးပေါ်ကို လူတွေက အပိုဖိအားတွေ လာတင်နေကြတာ။ ကျွန်တော့်ကို ဘက်ပေါင်းစုံက အဆိပ်တွေနဲ့ တိုက်ခိုက်နေကြတာပါ”လို့ စပယ်လက်တီက ပြောခဲ့ပါတယ်။

အီတလီအသင်းအနေနဲ့ ခြေစွမ်းမကောင်းဘူးလို့ ဝေဖန်ခံနေရပေမယ့် Round of 16 ကို ထိုက်ထိုက်တန်တန်တက်ရောက်သွားခဲ့တာလို့လည်း စပယ်လက်တီကပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *