ဇွန်လ ၃၀ ရက်နေ့အကြိုက်ဆုံးပွဲများကြိုတင်ရင်ခုန်သံ

0

ယူရို-၂၀၂၄ Round of 16

အင်္ဂလန် – ဆလိုဗက်ကီးယား
(30 June 2024 / 10:30 pm)

စပိန် – ဂျော်ဂျီယာ
(1 July 2024 / 1:30 am)

အင်္ဂလန် – ဆလိုဗက်ကီးယား

(ယူရို-၂၀၂၄ Round of 16)

အင်္ဂလန်က ယူရိုပြိုင်ပွဲမတိုင်ခင်ကတည်းက ပရိသတ်တွေမျှော်မှန်းထားတဲ့အနေအထားနဲ့ နည်းနည်းကွာဟပြီး ရလဒ်တွေ ယိမ်းယိုင်ခဲ့တယ်။ အိမ်ကွင်းမှာ ဘရာဇီးလ်၊ အိုက်စလန်တို့ကို ရှုံးတယ်။ မြောက်မက်ဆီဒိုးနီးယား၊ ဘယ်လ်ဂျီယံတို့ကို သရေကျတယ်။ ဒါပေမယ့် ဒီအသင်းရဲ့တောင့်တင်းတဲ့လူစာရင်းအရ အားလုံးက အင်္ဂလန်ကို မျှော်လင့်ချက်ကြီးကြီးထားခဲ့ကြတယ်။

ဒါပေမယ့် ဒီပြိုင်ပွဲမှာ ထင်ထားတဲ့အတိုင်းဖြစ်မလာခဲ့ဘဲ နည်းပြဆောက်ဂိတ်မှာ တခြားနည်းဗျူဟာ၊ နည်းစနစ်၊ ကစားကွက်မရှိတော့ဘူးလားလို့ မေးခွန်းထုတ်ရလောက်အောင် တစ်ပွဲနဲ့တစ်ပွဲခြားနားခြင်းမရှိတဲ့ Formation နဲ့ လူစာရင်းကိုပဲ တွေ့နေရတယ်။ ဒီပွဲလည်း 4-2-3-1 ကစားကွက်မှာ အာနိုးလ်နဲ့ ဂယ်လက်ဂါကို မသုံးဘဲ မေနူးကို ရိုက်စ်နဲ့ တွဲပေးဖို့များတယ်။

(၃)ပွဲဆက်တိုက် အလုပ်မဖြစ်ခဲ့တဲ့ ရိုးရှင်းလွန်းတဲ့ဒီကစားကွက်နဲ့ ဒီပွဲမှာ အင်္ဂလန်ကစားသမားတွေ ခြေစွမ်းပြကစားနိုင်မလားဆိုတာကတော့ ကြည့်ရမှာပါပဲ။

ဆလိုဗက်ကီးယားက (၄)မှတ်၊ (၄)သင်းအုပ်စုကနေ အုပ်စုတတိယနဲ့ ဒီအအဆင့်ကို တက်လာတဲ့အသင်းဖြစ်တယ်။ အုပ်စုမှာ ဘယ်လ်ဂျီယံကို နိုင်ခဲ့တယ်။ ယူကရိန်းကို ရှုံးခဲ့တယ်။ ရိုမေးနီးယားနဲ့သရေကျတယ်။ လက်ရှိအသင်းမှာ အရင်ဟမ်ဆစ်တို့လို နာမည်ကျော်တိုက်စစ်မှူးမျိုးမရှိပေမယ့် ရှရန်းဇ်၊ ဟာရာစလင်တို့လို လျင်မြန်ပြီး ဂိုးသွင်းနိုင်တဲ့ တောင်ပံတိုက်စစ်ကစားသမားတွေရှိနေတယ်။

ကွင်းလယ်က ကက်ကာ၊ လိုဘော့ကာ၊ ဒူဒါ တို့အလယ်တန်းအတွဲကလည်း တော်ရုံတန်ရုံအသင်းကို ကောင်းကောင်းယှဉ်ကစားနိုင်တယ်။ နောက်တန်းမှာလည်း ဝါရင့်နောက်ခံလူရှကရီညာဦးဆောင်တဲ့ ခံစစ်နဲ့ ဂိုးပေါက်မှာ နယူးကာဆယ်ဂိုးသမားဒူဘရေကာရှိနေတယ်။ အရင် ပြိုင်ပွဲကြီးတွေဖြစ်တဲ့ ၂၀၁၀ ကမ္ဘာ့ဖလား၊ ယူရို-၂၀၁၆ တို့တုန်းက Round of 16 တက်ခဲ့တဲ့ ဆလိုဗက်ကီးယားအသင်းတွေထက် အခုအသင်းက ပိုပြီးတော့ ရှေ့၊ လယ်၊ နောက် ဟန်ချက်ညီတယ်ပြောရမယ်။

ဆလိုဗက်ကီးယားက အင်္ဂလန် ဂိုးမရှိသရေကစားခဲ့တဲ့ ဆလိုဗေးနီးယားထက်တောင် နည်းနည်းပိုအဆိပ်ပြင်းတဲ့အသင်းဖြစ်လို့ ဒီပွဲက အင်္ဂလန်အတွက် ခက်ခဲမယ့်ပွဲဖြစ်လာဦးမှာပဲ။ အင်္ဂလန်နိုင်မယ်ဆိုရင်တောင် ဂိုးပြတ်ဖို့မလွယ်ဘူး။ (၁-ဝ)(၂-၁)လို မပြတ်သားတဲ့ရလဒ်မျိုးပဲ တွေ့ရဖို့များတယ်။

စပိန် – ဂျော်ဂျီယာ

(ယူရို-၂၀၂၄ Round of 16)

စပိန်က လက်ရှိအသင်းကြီးတွေထဲမှာ ရလဒ်အကောင်းဆုံး၊ ခြေစွမ်းအမှန်ဆုံးအသင်းဖြစ်နေတယ်။ လက်ရှိချန်ပီယံအီတလီ၊ ခရိုအေးရှားတို့ပါဝင်တဲ့ Group of Death မှာ (၃)ပွဲကစား(၃)ပွဲနိုင်၊ ပေးဂိုးမရှိဆိုတာက ဒီအသင်းကို များစွာအထင်ကြီးစေတယ်။

အရည်အသွေးရှိကစားသမားကောင်းများစွာနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ စပိန်အသင်းက တိုက်စစ်ပဲ ကြောက်စရာကောင်းတာမဟုတ်ဘဲ ခံစစ်ကလည်း အကောင်းဆုံးအခြေအနေမှာရှိနေတယ်။ နောက်ဆုံးကစားထားတဲ့ (၅)ပွဲလုံးအနိုင်ယူထားတဲ့အပြင် ပေးဂိုးက (၁)ဂိုးပဲရှိတယ်။ နာဗက်စ်၊ ကူကူရယ်လာ၊ လာပေါ့တ်၊ နော်မန်၊ နာချို၊ ကာဗာဟယ်လ်အစရှိတဲ့ နောက်ခံလူတွေက အတွေ့အကြုံ/သမ္ဘာပြည့်ဝကြသူတွေဖြစ်လို့ ဘယ်ကစားသမား ဘယ်လိုတွဲတွဲ တောင့်တင်းတဲ့နောက်တန်းကို စပိန်အသင်းကပိုင်ဆိုင်ထားတယ်။

ကွင်းလယ်က ရုဇ်၊ ရိုဒရီ၊ ပက်ဒရီတို့ရဲ့ပံ့ပိုးမှုတွေနဲ့ ယာမားလ်၊ ဝီလီယံစ်တို့လို လျင်မြန်ဖျတ်လတ်တဲ့တောင်ပံတိုက်စစ်ပေါင်းလိုက်တော့ စပိန်တိုက်စစ်က ပွဲတိုင်းဂိုးမရမှာ မပူရတဲ့ ထိပ်တန်းတိုက်စစ်ဖြစ်သွားတယ်။ အဓိကတိုက်စစ်မှူးအဖြစ်ကစားတဲ့ အသင်းခေါင်းဆောင်မိုရာတာကလည်း အတွေ့အကြုံပြည့်ဝပြီး အကောင်းဆုံးအချိန်ရောက်နေတယ်။

ဂျော်ဂျီယာကတော့ အုပ်စုမှာ တူရကီကိုရှုံးခဲ့ပေမယ့် ပေါ်တူဂီကို ခြေစွမ်းပြပြီး အနိုင်ယူခဲ့တယ်။ တူရကီနဲ့ပွဲမှာကတည်းက သူတို့ရဲ့ကြိုးစားအားထုတ်မှုနဲ့အတူ စွဲမက်စရာကောင်းတဲ့ ကစားပုံကို ပြခဲ့တယ်။ တိုက်စစ်မှူးမီကူတာဇီက ပွဲတိုင်းဂိုးသွင်းထားသလို၊ နာပိုလီတောင်ပံကစားသမား ကဗာရာစခယ်လီယာကလည်း သူ့ရဲ့မြန်နှုန်းမြင့်ပြေးအားနဲ့ ပြိုင်ဘက်နောက်တန်းအတွက် ကြောက်စရာကစားသမားတစ်ဦးအဖြစ်ရှိနေတယ်။

ဒီနှစ်သင်း ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းက ယူရိုခြေစစ်ပွဲမှာ တစ်အုပ်စုတည်းအတူကျခဲ့ပြီး စပိန်က အဝေးကွင်းမှာ(၇-၁)ဂိုး၊ အိမ်ကွင်းမှာ (၃-၁)ဂိုးတွေနဲ့ နိုင်ခဲ့တယ်။ လက်ရှိဂျော်ဂျီယာအသင်းက အဲဒီတုန်းကအသင်းတွေထက် ပိုပြီး ခြေစွမ်းထက်လာတာမှန်ပေမယ့် စပိန်ကို ကျော်ဖြတ်ဖို့အထိကတော့ သူတို့အတွက် ခက်ခဲမှာ အမှန်ပါပဲ။ စပိန်ပဲ နောက်တစ်ဆင့်ကို တက်သွားပါလိမ့်မယ်။ (၂-၁)(၃-၁)လို ရလဒ်တွေကို အကြိုက်တွေ့မိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *